← Jeremiah (19/52) → |
1. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက် ကြီးသော လူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့ တို့နှင့်တကွ၊ |
2. | ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကား ဟူမူကား၊ |
3. | အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သား များတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြ လော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။ |
4. | အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြ ပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။ |
5. | ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ။ |
6. | သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ |
7. | ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ထားဖြင့်၎င်း၊ သတ်ခြင်းငှါ ရှာသောသူ၏ လက်ဖြင့်၎င်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထား မည်။ |
8. | ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည်။ လမ်း၌ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သော အခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။ |
9. | သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊ |
10. | သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူး ကိုခွဲလော့။ |
11. | ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက၊ နောက်တဖန်မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ သင်္ဂြိုဟ်ရာမြေ မလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။ |
12. | ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဤသို့ ငါပြု၍ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည်။ |
13. | အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာ ရှိသမျှုတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့ အိမ်များ၊ ယုဒ ရှင်ဘုရင်၏ နန်းတော်များတို့သည် တောဖက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။ |
14. | ထိုအခါ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ်တော်မူရာ တောဖက်အရပ်က၊ ယေရမိသည် ပြန်လာ၍ ဗိမာန်တော်တန်တိုင်း၌ ရပ်လျက်၊ |
15. | ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှါ၊ မိမိတို့ လည်ပင်းကို ခိုင်မာစေသောကြောင့်၊ ငါခြိမ်းသမျှ သောဘေးဒဏ်တို့ကို၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသော အမိန့်တော်ကို လူအပေါင်း တို့အား ဆင့်ဆိုလေ၏။ |
← Jeremiah (19/52) → |