James (1/5) → |
1. | ဘုရားသခင်နှင့်အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ် နှစ်ပါးသောအမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။ |
2. | ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ |
3. | ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ |
4. | သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။ |
5. | သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။ |
6. | သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသော သူသည် ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ |
7. | ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ |
8. | ထာဝရ ဘုရား၏ လက်တော်မှတစုံတခုကို ရမည်ဟုမထင်မမှတ်စေနှင့်။ |
9. | အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ |
10. | ငွေရတတ်သော ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူ ကား၊ သူသည်မြက်ပွင့်ကဲ့သို့ ဖေါက်ပြန်ခြင်းသဘောရှိ၏။ |
11. | နေသည်ပူသော အရှိန်နှင့်ထွက်သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်း ကြွေတတ်၏။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သော သူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ရောက်တတ်၏။ |
12. | စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။ |
13. | အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူ သည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။ |
14. | မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ |
15. | တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ၍ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်းကို ဘွားတတ်၏။ |
16. | ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ |
17. | ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။ |
18. | နိမ္ဗိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။ |
19. | သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။ |
20. | လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။ |
21. | ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြ လော့။ |
22. | ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။ |
23. | တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။ |
24. | အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ်၏။ |
25. | လွှတ်ခြင်းနှင့် စပ်ဆိုင်၍စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။ |
26. | သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက်ဖြစ်၏။ |
27. | ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း။ |
James (1/5) → |