← Isaiah (9/66) → |
1. | သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှ မှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချ တော်မူသော်လည်း၊ နောက်တဖန်အိုင်နားရှောက်သော လမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။ |
2. | မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင် ရှိနေသော သူတို့၌ အလင်း ပေါ်ထွန်းလျက်ရှိ၏။ |
3. | ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကို စုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့၎င်း၊ လုယူသော ဥစ္စာကို ဝေသောသူ ဝမ်းမြောက်သကဲ့သို့၎င်း၊ ရှေ့တော်၌ သူတို့သည် ဝမ်းမြောက်ကြပါ၏။ |
4. | အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော် မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံကို၎င်း ချိုးတော်မူပြီ။ |
5. | စစ်တိုက်သောသူရဲ၏ ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဘို့မီးစာ ဖြစ်ရကြ လိမ့်မည်။ |
6. | အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။ |
7. | ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။ |
8. | ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ် အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက် ရောက်စေတော်မူ၏။ |
9. | အုတ်ရိုးပြို သော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။ |
10. | သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့ အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမား ထောင်လွားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူ အပေါင်းတို့သည် သိရကြလိမ့်မည်။ |
11. | ထာဝရဘုရားသည်လည်း၊ ထိုသူတို့တဘက်၌ ရေဇိန်မင်း၏ရန်သူတို့ကို ချီးမြှောက်၍၊ ဧဖရိမ်အမျိုး၏ ရန်သူတို့ကို ထစေတော်မူသဖြင့်၊ |
12. | ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့ သည် ပစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ |
13. | ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။ |
14. | ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလ အမျိုးမှ ဦးခေါင်းနှင့်အမြီးကို၎င်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကို၎င်း တနေ့ခြင်းတွင် ခုတ်ဖြတ်တော်မူလိမ့် မည်။ |
15. | ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူ တည်း။ အမြီးကား၊ မုသာကိုဟောပြောသော ပရော ဖက်တည်း။ |
16. | ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ |
17. | ထိုကြောင့်၊ ထာဝရဘုရားသည် သူတို့တွင် ရှိသော လူပျိုတို့ကို အားရတော်မမူ။ မိဘမရှိသောသူငယ် နှင့် မုတ်ဆိုးမတို့ကို သနားတော်မမူ။ ထိုသူအပေါင်းတို့ သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူဖြစ်၍၊ မတရား သော စကားကိုပြောတတ်ကြ၏။ သို့ဖြစ်၍၊ အမျက်တော် သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက် ရှိသေး၏။ |
18. | အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏။ ဆူးပင် အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့ သဖြင့်၊ အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တတ်ကြလိမ့် မည်။ |
19. | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။ |
20. | လက်ျာဘက်၌ ခုတ်ဖြတ်သော်လည်း၊ ငတ်မွတ် လိမ့်မည်။ လက်ဝဲဘက်၌ ကိုက်စားသော်လည်း မဝရ။ အိမ်နီးချင်းအသားကို လူတိုင်းကိုက်စားရလိမ့်မည်။ |
21. | မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကို၎င်း၊ ဧဖရိမ် အမျိုးသည် မနာရှေအမျိုးကို၎င်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ |
← Isaiah (9/66) → |