← Isaiah (48/66) → |
1. | အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်း ကို ခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရား သခင်ကို ချီးမွမ်းသောသူ၊ |
2. | သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး ၏ ဘုရားသခင်ကို မှီခိုသော သူတို့၊ နားထောင်ကြလော့။ |
3. | ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့ အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ခြင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။ |
4. | သင်သည် ခိုင်မာသော သဘော၊ သံချောင်း လည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသော ကြောင့်၊ |
5. | အထက်က သင့်အား ငါဟောပြီ။ အမှုမဖြစ်မှီ ငါဘော်ပြပြီ။ သို့ဖြစ်၍ သင်က ၊ ငါ၏ရုပ်တုသည် ဤအမှု ကို ပြုပြီ။ ငါထုသော ရုပ်တု၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသော အခွင့်မရှိ။ |
6. | သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ ကို ကြည့်ရှုလော့။ သူတပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထား သောအရာ၊ သင်မသိသေးသော အရာတို့ကို ငါဘော်ပြ ၏။ |
7. | ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်က ဖန်ဆင်းသည်မဟုတ်။ ယနေ့တိုင်အောင် သင်သည် မကြားစဖူး။ သို့ဖြစ်၍ သင်က ၊ ငါသိနှင့်ပြီဟု ပြောရသော အခွင့်မရှိ။ |
8. | အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏ နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဘွားစကပင် သင့်ကို သူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။ |
9. | သို့သော်လည်း၊ သင့်ကို ရှင်းရှင်း မပယ်မဖြတ် ခြင်းငှါ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ် တည်းမည်။ ကိုယ်ဂုဏ်အသရေအတွက် သင်၏အမှု၌ ငါသည်းခံမည်။ |
10. | ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။ |
11. | ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုပ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ် အသရေကို သတပါးအား ငါမပေး။ |
12. | အိုယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကား ကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ |
13. | အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည် လေပြီ။ ငါ့လက်ျာလက်သည် မိုဃ်းကောင်းကင်ကို ကြက် လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ခြင်း ပေါ်လာကြ၏။ |
14. | ရှိသမျှသော သင်တို့၊ စည်းဝေး၍ နားထောင် ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရား ချစ် တော်မူသော သူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံ စေမည်။ သူ၏ လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။ |
15. | ငါ့ကိုယ်တိုင် အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။ |
16. | ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြ လော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှု ဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကို စေလွှတ်တော်မူ၏။ |
17. | သင့်ကို ရွေးနှုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏အကျိုးနှင့်ယှဉ်သော အရာကို သွန်သင်၍၊ သင်သွားအပ်သော လမ်းဖြင့် ပို့ဆောင်သော သင်၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။ |
18. | သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါ စေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့၎င်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုး ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။ |
19. | သင်၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့၎င်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာကျောက်စရစ်ကဲ့သို့ ၎င်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာ မပြတ်၊ မပျက်မစီးရ။ |
20. | ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာ သီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသိတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြော မြွက်ဆို၍ အသံကို လွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနှုတ်တော်မူပြီဟု ပြောဆိုကြ လော့။ |
21. | သူတို့သည် တောလမ်းဖြင့် ဆောင်သွားတော်မူ ခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဘို့ ကျောက် ထဲက ရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူ သဖြင့်၊ ရေသည် စီးထွက်လေ၏။ |
22. | မတရားသော သူတို့၌ ချမ်းသာမရှိဟု ထာဝရ ဘုရားမိန့်တော်မူ၏။ |
← Isaiah (48/66) → |