← Isaiah (43/66) → |
1. | အိုယာကုပ်အမျိုး၊ ဣသရေလအနွှယ်၊ သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူ သည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါ ရွေးနှုတ်ပြီ။ ငါ့နာမ ဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။ |
2. | သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညိရ။ |
3. | အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်၏။ သင့်ကို ရွေးဘို့၊ အဲဂုတ္တုပြည်ကို၎င်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို၎င်း ငါပေး၏။ |
4. | သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်း ချစ်၏။ ထို့ကြောင့်၊ သင့်အတွက် လူတို့ကို၎င်း၊ သင်၏အသက်အတွက် လူမျိုးတို့ကို၎င်း ငါပေးမည်။ |
5. | မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့ မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။ |
6. | အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့် ဟု တောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊ |
7. | ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။ |
8. | မျက်စိရှိလျက်ပင် မျက်စိကန်းသော သူနှင့်၊ နားရှိ လျက်ပင် နားပင်းသော သူတို့ကို ဆောင်ခဲ့လော့။ |
9. | လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဘော်ပြမည်နည်း။ အရင်ဖြစ်လတံ့သောအရာကို အဘယ်သူ ဟောပြောမည် နည်း။ သူတို့သည် အပြစ်တင်ခွင့်နှင့်လွတ်မည်အကြောင်း၊ သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ။ |
10. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည်၊ ငါ့ကို သိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက် သော ကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။ |
11. | ငါတပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ။ |
12. | ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ် တင်ပြီ။ ငါဘော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတပါးသော ဘုရားသည် ဘော်ပြနှင့်သည်မဟုတ်။ ငါသည် ဘုရား သခင်မှန်ပြီဟု သင်တို့သည် ငါ၏ သက်သေဖြစ်ကြ၏။ |
13. | နေ့ရက်ကာလမဖြစ်မှီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။ ငါပြုသော အမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။ |
14. | သင်တို့ကို ရွေးနှုတ်သော သခင်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ် ၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။ |
15. | ငါသည် သင်တို့၏ သန့်ရှင်းသော ထာဝရ ဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင် ဖြစ်၏။ |
16. | ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊ |
17. | ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲအလုံး အရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင် အောင် တပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ |
18. | ဖြစ်ဘူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတီု့ကို ပမာဏမပြုကြနှင့်။ |
19. | ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခု ပေါ်လာလိမ့်မည်။ သင်တို့သည် အမှန်သိမြင်ရကြလိမ့် မည်။ အကယ်စင်စစ် တော၌လမ်းကို၎င်း၊ လွင်ပြင်၌ စီးသော ရေကို၎င်း ငါဖန်ဆင်းမည်။ |
20. | မြေခွေးနှင့် ကုလားအုပ်ငှက်မှစ၍၊ တောသားရဲ တို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဘို့ တော၌ရေများကို၎င်း၊ လွင်ပြင်၌ မြစ်တို့ကို၎င်း ငါပေးမည်။ |
21. | ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။ |
22. | သို့သော်လည်း၊ အိုယာကုပ်အမျိုး၊ သင်သည် ငါ့ကို ပဌနာမပြု။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။ |
23. | မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့ မဆောင်ခဲ့။ ယဇ် ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။ |
24. | သင်သည် မွှေးသော ကြံကို ငါ့ဘို့ ငွေနှင့်မဝယ်။ ပူဇော်သော ယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာ မကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီ တကား။ အဓမ္မအမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။ |
25. | ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။ |
26. | ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။ |
27. | သင်၏ ပဌမအဘသည် ဒုစရိုက်ကို ပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။ |
28. | ထို့ကြောင့်၊ သန့်ရှင်းရာဌာန၏ မင်းတို့ကို ငါရှုတ် ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကို၎င်း၊ ဣသရေလ အမျိုးသည် ကဲ့ရဲ့ခြင်းကို၎င်း ခံစေခြင်းငှါ ငါစွန့်ပြီ။ |
← Isaiah (43/66) → |