← Isaiah (13/66) → |
1. | ဗာဗုလုန်မြို့ကို ရည်ဆောင်၍ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊ |
2. | ရှင်းလင်းသော တောင်ပေါ်မှာအလံကို ထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။သူတို့သည် မင်းတို့နေရာတံခါးများကို ဝင်ကြစေ။ |
3. | ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ။ |
4. | ကြီးစွာသော အလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏ အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် စစ်တိုက်ခြင်းငှါ၊ အလုံးအရင်းကိုစီရင် ခင်းကျင်းတော်မူ၏။ |
5. | ထာဝရဘုရားနှင့်အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးကို ဖျက်ဆီးခြင်းငှါ၊ ဝေး သောပြည်၊ ကောင်းကင်စွန်းမှ လာကြ၏။ |
6. | ထာဝရဘုရား၏ နေ့ရက်သည်နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင်စီရင် တော်မူ သော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်။ |
7. | ထိုကြောင့်၊ရှိသမျှသော လက်တို့သည် ကျကြ လိမ့်မည်။ လူအပေါင်းတို့သည် စိတ်ပျက်၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။ |
8. | နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဘွားသော မိန်းမကဲ့သို့ဝေဒနာကို ခံရလျက်၊ တ ယောက်ကိုတယောက် ကြည့်ရှု၍မှိုင်တွေသဖြင့်၊သူတို့ မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။ |
9. | ထိုပြည်ကိုဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူ ပြည်သားတို့ကို သုတ်သင်ဖယ်ရှင်းခြင်းငှါ၊ ထာဝရ ဘုရား ၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။ |
10. | မိုဃ်းကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်း ကိုမပေး။ နေသည်လည်း ထွက်သောအခါမိုက် လျက်၊ လ သည်လည်း မထွန်းမလင်းဘဲလျက်ရှိလိမ့်မည်။ |
11. | ထိုလောကီနိုင်ငံ၏ အပြစ်ကို၎င်း၊ မတရားသော သူတို့၏ ဒုစရိုက်များကို၎င်းငါစစ်ကြောမည်။ မာနကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ကြမ်း ကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။ |
12. | လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည်။ |
13. | သို့ဖြစ်၍၊ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ ဒေါသအမျက်တော်ပြင်းစွာ ထွက်သော နေ့ ရက်၌၊ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီး လည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။ |
14. | ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ ဖြစ်၍၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။ |
15. | တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေး လျက်ရှိသော သူအပေါင်းတို့လည်း ထားဖြင့် ဆုံးကြလိမ့် မည်။ |
16. | သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့ အိမ်များကို လုယက် ၍၊သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည်။ |
17. | ကြည့်ရှုလော့။ ငွေကိုပမာဏမပြု၊ ရွှေကိုအ လိုမရှိသော မေဒိလူများကို သူတို့တဘက်၌ ငါနှိုးဆော် မည်။ |
18. | သူတို့သည် လူပျိုတို့ကို လေးနှင့်ရိုက်ခတ်ကြလိမ့် မည်။ အကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။ |
19. | တိုင်းနိုင်ငံတို့၏ အထွဋ်၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ |
20. | ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ။ |
21. | တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။ |
22. | တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌၎င်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌၎င်း၊အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလနီးလှပြီ။ ထိုမြို့၏ အသက် တာမရှည်ရ။ |
← Isaiah (13/66) → |