← Isaiah (11/66) → |
1. | ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။ |
2. | ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကို ပေးသောဝိညာဉ်၊ ကြံစည်တတ် စွမ်းနိုင် သော သတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။ |
3. | ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ၊ |
4. | ဆင်းရဲသားတို့၏ အမှုကိုတရားတော် အတိုင်း စီရင်၍၊နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။ |
5. | တရားနှင့်သစ္စာသည် သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။ |
6. | တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့် မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့် မည်။ နွားသငယ်၊ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍၊လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ |
7. | နွားမနှင့်ဝံမသည် အတူကျက်စား၍၊သူတို့ သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည် လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ |
8. | နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း၊ မြွေ ဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။ |
9. | ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်း ချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်း မူကား၊ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။ |
10. | ထိုကာလ၌ ယေရှဲ၏အမြစ်သည် ပေါက်၍၊လူ များအဘို့ထူသောအလံ ဖြစ်လိမ့်မည်။ ထိုအလံ၌ တပါးအ မျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည်။ကျိန်းဝပ်တော်မူ ရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။ |
11. | ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ဟာမတ်ပြည်၊ ပင်လယ်တဘက်၌ရှိသော ပြည် များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်။ |
12. | တပါးအမျိုးသားတို့အဘို့ အလံကိုထူတော်မူ သဖြင့်၊ နှင်ထုတ်သောဣသရေလအမျိုးသားနှင့်၊ အရပ် ရပ်ကွဲပြားသောယုဒအမျိုးသားတို့ကို မြေကြီးလေး မျက်နှာတို့မှ ခေါ်၍ စုဝေးစေတော်မူလိမ့်မည်။ |
13. | ဧဖရိမ်အမျိုးသည် ငြူစူသောစိတ်ငြိမ်းလိမ့်မည်။ ရန်ပြုတတ်သော ယုဒအမျိုးသားတို့သည်လည်း၊ ရန်ပြေ ကြလိမ့်မည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မငြူစူရ။ ယုဒအမျိုးလည်း ဧဖရိမ်အမျိုးကို ရန်မပြုရ။ |
14. | သူတို့သည် အနောက်ဘက်၌ ဖိလိတ္တိလူများကို လိုက်၍ တိုက်ကြလိမ့်မည်။ အရှေ့ပြည်သားတို့၏ ဥစ္စာကို အတူလုယူကြလိမ့်မည်။ဧဒုံအမျိုးနှင့် မောဘအမျိုး ကိုလည်း လုပ်ကြံကြလိမ့်မည်။ အမ္မုန်အမျိုးသားတို့ သည်သူတို့၏အုပ်စိုးခြင်းကို ခံရကြလိမ့်မည်။ |
15. | ထာဝရဘုရားသည်လည်း၊ အဲဂုတ္တုပင်လယ်၏ လျှာကိုဖျောက်ဖျက်တော်မူမည်။ ပြင်းစွာသောလေတော် နှင့် တကွလက်တော်ကိုမြစ် ပေါ်မှာလှုပ်၍၊ ချောင်းခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ်တော်မူသဖြင့်၊ လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည်။ |
16. | ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည် မှထွက်သွားသောအခါ၌ ဖြစ်သကဲ့သို့၊ အာရှုရိပြည်မှ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့သွားရာလမ်း ကြီးဖြစ်ရလိမ့်မည်။ |
← Isaiah (11/66) → |