← Genesis (9/50) → |
1. | ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးပြည့်စေကြလော့။ |
2. | မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။ |
3. | အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ |
4. | သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ |
5. | အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။ |
6. | အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ |
7. | သင်တို့သည် သားကိုဘွား၍များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဘွား၍ များပြားကြလော့ဟု မိန့်တော်မူ၏။ |
8. | တဖန်ဘုရားသခင်သည်၊ နောဧနှင့် သူ၏သား တို့ကို မိန့်တော်မူသည်ကား၊ |
9. | သင်တို့နှင့်၎င်း၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့်၎င်း၊ |
10. | သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်၎င်း၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏။ |
11. | သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ |
12. | ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ |
13. | ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။ |
14. | ငါသည် မိုဃ်းကို အုံ့စေသောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။ |
15. | ထိုအခါငါတဘက်၊ သင်တို့မှစ၍၊ အသက်ရှင် သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တဘက်၌ရှိသော၊ ငါ၏ ပဋိညာဉ်ကိုငါ အောက်မေ့သဖြင့် ခပ်သိမ်းသော သတ္တဝါ တို့ကို ဖျက်ဆီးခြင်းငှါ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။ |
16. | မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဏ်ကို ငါအောက်မေ့မည်။ |
17. | ဤသည်ကား ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏ စပ်ကြားမှာ၊ ငါမြဲဖွဲ့သော ပဋိညာဏ်၏ လက္ခဏာသက်သေဖြစ်သတည်းဟု နောဧ ကို ဘုရားသခင်မိန့်တော်မူ၏။ |
18. | သင်္ဘောထဲက ထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း၊ ဟာမသည် ခါနာန်၏ အဘဖြစ်၏။ |
19. | ဤသူတို့သည် နောဧ၏ သားသုံးယောက်ဖြစ်၍ မြေကြီးတပြင်လုံး၌ နှံ့ပြားကြ၏။ |
20. | နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။ |
21. | စပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိထဲ၌ အဝတ်မခြုံဘဲနေလေ၏။ |
22. | ခါနာန်၏ အဘဟာမသည်၊ မိမိအဘ၌အဝတ်အချည်းစည်း ရှိသည်ကိုမြင်လျှင် ပြင်မှာရှိသော အစ်ကို နှစ်ယောက်ကို ပြောလေ၏။ |
23. | ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာ တင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည် အပြင်သို့မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ် အချည်း အစည်းရှိသည်ကို မမြင်ရ။ |
24. | နောဧသည် ယစ်မူခြင်းပျောက်၍ နိုးသောအခါ၊ မိမိ၌သားငယ်ပြုသည်ကိုသိလျှင်၊ |
25. | ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟုဆို၏။ |
26. | တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။ |
27. | ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်၊ ရှေမ၏ တဲသို့တွင်နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။ |
28. | နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ် သုံးရာငါးဆယ် အသက်ရှင်၍၊ |
29. | အသက်ပေါင်းကိုးရာငါးဆယ်စေ့သော် အနိစ္စ ရောက်လေ၏ |
← Genesis (9/50) → |