← Genesis (7/50) → |
1. | ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။ |
2. | မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊ |
3. | မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။ |
4. | အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။ |
5. | မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။ |
6. | မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။ |
7. | ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်၍ |
8. | ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက၊ |
9. | အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ၏။ |
10. | ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သော ရေသည် မြေပေါ်၌ ပေါ်လာ၏။ |
11. | နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်၊ |
12. | အရက်လေးဆယ်ပတ်လုံးမြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။ |
13. | ထိုနေ့ရက်တွင်၊ နောဧနှင် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။ |
14. | သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတက်သော ကြက်ငှက်မျိုး၊ |
15. | အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။ |
16. | ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်းဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမ စုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။ |
17. | ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။ |
18. | တဖန်ရေသည်အားကြီး၍ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။ |
19. | နောက်တဖန်ရေသည် မြေကြီးပေါ်မှာ အလွန် အားကြီးသဖြင့် မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။ |
20. | ရေမြုပ်သောတောင်တို့ အထက်၌ လွှမ်းတတ်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။ |
21. | မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ |
22. | အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။ |
23. | မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှ စ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာကျန်ကြွင်းကြလေ၏။ |
24. | ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်း တရာ့ငါးဆယ်ပတ်လုံး အားကြီးစွာ တည်လေ၏။ |
← Genesis (7/50) → |