← Genesis (49/50) → |
1. | ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကို ခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလ အခါ၊ သင်တို့၌ ဖြစ်လတံ့သော အမှုအရာများကို ငါဟောပြောမည်။ |
2. | ယာကုပ်၏သားတို့၊ စည်းဝေး၍ ကြားကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။ |
3. | အိုရုဗင်၊ သင်သည် ငါ့သားဦး၊ငါ့အစွမ်းသတ္တိ၊ ငါခွန်အား အစအဦး၊ ဘုန်းအထွဋ်၊ တန်ခိုး အထွဋ်ဖြစ်၏။ |
4. | သို့သော်လည်း ရေကဲ့သို့ ပွက်ထသော သဘော ရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်း မူကား၊ သင်သည် အဘ၏အိပ်ရာကို တက်၍ ညစ်ညူး စေ၏။ ငါ့ခုတင်ထက်သို့ဘက်လေပြီတကား။ |
5. | ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။ |
6. | ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ။ သူတို့သည် အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍ မြို့ကိုဖြိုဖျက်ကြပြီ။ |
7. | သူတို့ပြင်းစွာ ထွက်သောအမျက်၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပန့်လွင့်စေမည်။ |
8. | အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသော သူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ် မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။ |
9. | ယုဒသည် ခြင်္သေ့ပျို ဖြစ်၏။ ငါ့သား၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာတက်၏။ ဝပ်လျက် နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း ဝပ်တွားတတ် ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။ |
10. | ရှိလော မရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုး အနွယ်ထံမှ၎င်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။ |
11. | မိမိမြည်းကို စပျစ်နွယ်ပင်၌၎င်း၊ မြည်းကလေးကို အမြတ်ဆုံးသော စပျစ်နွှယ်ပင်၌၎င်း ချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေး တည်းဟူသော စပျစ်ရည်ဖြင့် လျှော်လိမ့်မည်။ |
12. | သူ၏မျက်စိသည် စပျစ်ရည်နှင့် နီလိမ့်မည်။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်။ |
13. | ဇာဗုလန်သည် ကမ်းနားမှာ နေ၍၊ သင်္ဘောဆိပ် ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။ |
14. | ဣသခါသည် တောင်ကြားမှာ ဝပ်လျက် အားကြီးသောမြည်းဖြစ်၏။ |
15. | ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကို မြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကို တင်ထမ်း၍၊ အခွန်ပေးသော ကျွန်ဖြစ်လေ၏။ |
16. | ဒန်သည် ဣသရေလအနွှယ် တစုံတပါးကဲ့သို့၊ မိမိလူတို့ကို စီရင်လိမ့်မည်။ |
17. | ဒန်သည် လမ်း၌နေသော မြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်းကြားမှာ နေ၍၊ မြင်းခြေကို ကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည်။ |
18. | အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ။ |
19. | ဂဒ်မူကား၊ စစ်သူရဲတိုသည် သူတို့တိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။ |
20. | အာရှာ၌ဖြစ်သော အစာသည် အရသာနှင့် ပြည့်စုံ၍၊ မင်း၏ ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့် မည်။ |
21. | နဿလိသည် လှသောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။ |
22. | ယောသပ်သည် သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သော ပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။ |
23. | လေးသမားတို့သည် သူ့ကို အငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။ |
24. | သို့သော်လည်း သူ၏လေးသည် အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက်ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်၎င်း၊ |
25. | သင့်ကိုမစတော်မူသော သင့်အဘ၏ ဘုရား သခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင်၏ မင်္ဂလာ၊ အောက် နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော။ |
26. | သင်၏အဘပေးသော ကောင်းကြီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ဖြစ်သော ကောင်းကြီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍ မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။ |
27. | ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည်။ ဘမ်းရသော အရာကိုနံနက်အချိန်၌ ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ ဝေဖန်လိမ့်မည်ဟုမြွက်ဆို၏။ |
28. | ဤသူတို့ကား၊ ဣသရေလအမျိုး ဆယ်နှစ်မျိုး ဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့ အသီးသီးခံရသော မင်္ဂလာရှိသည်အတိုင်း၊ ကောင်းကြီး ပေးသော စကားပေတည်း။ |
29. | တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရှန်၏လယ်ပြင်တွင်ရှိသော မြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကို သင်္ဂြိုဟ်ကြပါ။ |
30. | ခါနာန်ပြည် မံရေမြို့ရှေ့မှာ၊ မပ္ပေလ လယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သော သင်္ချိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန်၌ ဝယ်လေပြီ။ |
31. | ထိုမြေတွင်း၌ အာဗြဟံနှင့် မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်း သင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ။ |
32. | ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသ အမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား၏။ |
33. | ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင် မာထားပြီးလျှင်၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်း သဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ |
← Genesis (49/50) → |