← Genesis (46/50) → |
1. | ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွ ခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိ အဘဣဇာက်၏ ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ပြုလေ၏။ |
2. | ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ဘုရားသခင် က၊ ယာကုပ်၊ ယာကုပ် ဟုခေါ်တော်မူလျှင်၊ ယာကုပ်က အကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ၏။ |
3. | ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင် ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့ သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။ |
4. | အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည်။ တဖန် ငါဆောင်ခဲ့ဦး မည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်ဟု မိန့်တော်မူ၏။ |
5. | တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဘို့ ဖါရောမင်းပေးလိုက်သော လှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက်၊ |
6. | ခါနာန်ပြည်၌ရသော တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်း ယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။ |
7. | ယာကုပ်သည် ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည် သို့ ဆောင်သွားလေ၏။ |
8. | အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။ |
9. | ရုဗင်သား။ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိ။ |
10. | ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သား ရှောလ။ |
11. | လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။ |
12. | ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေ သတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။ |
13. | ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။ |
14. | ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။ |
15. | ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဘွားသော သားတည်း။ သမီးဒိနနှင့် တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။ |
16. | ဂဒ်သား။ ဇိဖျုန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။ |
17. | အာရှာသား။ ယိမန။ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။ |
18. | ဤသူတို့ကား၊ လာဗန်သည် သမီးလေးအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသော သား တည်း။ ပေါင်းတဆယ်ခြောက်။ |
19. | ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။ |
20. | အဲဂုတ္တုပြည်၌ ဩနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား၊ မနာရှေနှင့်ဧဖရိမ်။ |
21. | ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။ |
22. | ဤသူတို့ကား၊ ယာကုပ်မယား ရာခေလဘွားသောသားတည်း။ ပေါင်းတဆယ်လေး။ |
23. | ဒန်သား။ ဟုရှိမ်။- |
24. | နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။ |
25. | ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအား လက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသော သားတည်း။ ပေါင်းခုနစ်။ |
26. | ယာကုပ်ချွေးမများကို မဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။ |
27. | အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။ |
28. | ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။ |
29. | ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။ |
30. | ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး ၏ဟု ယောသပ်အား ဆိုလေ၏။ |
31. | ယောသပ်ကလည်း၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကို များ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ။ |
32. | ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကို မွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည်။ |
33. | နောက်တခါ သင်တို့ကို ဖါရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊ |
34. | ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ ဟု အစ်ကိုများ အဘ၏အိမ်သားများတို့ကို ပြောဆို၏။ |
← Genesis (46/50) → |