← Genesis (45/50) → |
1. | ထိုအခါ ယောသပ်သည် မိမိထံ၌ရှိသောသူ အပေါင်းတို့ရှေ့တွင်၊ ဣန္ဒြေကို မချုပ်တည်းနိုင်သော ကြောင့်၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟု ဟစ်၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ၊ အခြား သော သူတယောက်မျှ မရှိရ။ |
2. | သူသည်လည်း ကျယ်သောအသံနှင့် ငိုကြွေး၏။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင် ကြားကြ၏။ |
3. | အစ်ကိုတို့အားလည်း၊ ကျွန်ုပ် ယောသပ် ဖြစ်၏။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလောဟု ဆို၏။ အစ်ကိုတို့သည် စကားတုံ့ပြန်၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက် နေကြ၏။ |
4. | ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့လာကြ ပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါး သို့ ချဉ်းလာကြ၏။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည် သို့ ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။ |
5. | သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရား သခင်သည် လူတို့အသက်ကို စောင့်မစေခြင်းငှါ သင်တို့ ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။ |
6. | မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ် ရှိသေး၏။ |
7. | ဘုရားသခင်သည် သင်တို့ကို မြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှါ၎င်း၊ ကြီးစွာသော ကယ်တင်ခြင်း အားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ၎င်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကို စေလွှတ်တော်မူပြီ။ |
8. | သို့ဖြစ်၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ်၊ ဘုရားသခင်စေလွှတ်တော်မူ သတည်း။ ကျွန်ုပ်ကို ဖါရောဘုရင်၏အဘအရာ၌၎င်း၊ နန်းတော်အုပ်အရာ၌၎င်း၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုး သောသခင်အရာ၌၎င်း ခန့်ထားတော်မူပြီ။ |
9. | အလျင်အမြန်ထ၍ အဘထံသို့ သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။ |
10. | အဘသည် ဂေါရှင်အရပ်၌ နေရမည်။ ကျွန်ုပ် အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှပါရမည်။ |
11. | ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။ သို့မဟုတ် အဘမှစ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှ တို့သည် ဆင်းရဲခြင်းသို့ ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့။ |
12. | ကျွန်ုပ်သည် ကိုယ်တိုင်သင်တို့နှင့် နှုတ်ဆက်သည်ကို၊ သင်တို့မျက်စိ၊ ကျွန်ုပ်ညီဗင်္ယာမိန် မျက်စိ အမြင်သားဖြစ်၏။ |
13. | အဲဂုတ္တုပြည်၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်းမှ စ၍ သင်မြင်သမျှတို့ကို အဘအား ပြောရမည်။ အလျင် အမြန်ပြု၍ အဘကို ဤပြည်သို့ ဆောင်ခဲ့ရမည်ဟု ဆိုပြီးလျှင်၊ |
14. | ညီဗင်္ယာမိန်လည်ပင်းကို ဘက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ ငိုလေ၏။ |
15. | တဖန် အစ်ကိုရှိသမျှတို့ကို နမ်း၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။ |
16. | ယောသပ်အစ်ကိုတို့သည် ရောက်လာကြပြီဟု နန်းတော်၌ သိတင်းကြား၍၊ ဖာရောဘုရင် အစရှိသော ကျွန်တော်မျိုးတို့သည် နှစ်သက်ကြ၏။ |
17. | ဖါရောဘုရင်သည်လည်း ယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့အား အဘယ်သို့ပြောရမည်နည်းဟူမူ ကား၊ သင်တို့သည် ဤသို့ပြုကြလော့။ မြည်းတို့ကို ဝန်တင်၍ ခါနာန်ပြည်သို့ ပြန်သွားသဖြင့်၊ |
18. | သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ၍ ကျွန်ုပ်ထံသို့ လာကြလော့။ အဲဂုတ္တုပြည်၏စည်းစိမ်းကို ငါပေး၍၊ သင်တို့သည် မြေဩဇာကိုသာ စားရကြလိမ့် မည်။ |
19. | အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့။ သင်တို့မိန်းမများ၊ သူငယ်များဘို့၊ အဲဂုတ္တုပြည်ထဲက လှည်း တို့ကို ယူပြီးလျှင် အဘကိုဆောင်၍ လာခဲ့ကြလော့။ |
20. | သင်တို့ဥစ္စာများကို မနှမြောကြနှင့်။ အဲဂုတ္တုပြည် ၏ စည်းစိမ်ရှိသမျှသည် သင်တို့ဥစ္စာဖြစ်၏ဟု အမိန့် တော်ရှိသည်အတိုင်း၊ |
21. | ဣသရေလ၏ သားတို့သည်ပြု၍၊ ယောသပ်သည် လှည်းတို့ကို၎င်း၊ လမ်းခရီး၌ စားစရိတ်များကို၎င်း ပေး၏။ |
22. | အစ်ကိုရှိသမျှတို့အားလည်း အဝတ်လဲစရာဘို့ပေး၏။ ဗင်္ယာမိန်အားလည်း၊ ငွေအကျပ်သုံးရာနှင့် အဝတ် လဲစရာဘို့ အဝတ်ငါးစုံကို ထပ်၍ ပေး၏။ |
23. | အဘအားလည်း အဲဂုတ္တုပြည်၏ ကောင်းသောအရာတို့ကို ဆောင်သော မြည်းတဆယ်၊ လမ်းခရီး၌ အဘစားစရာဘို့ စပါး၊ မုန့်၊ ခဲဘွယ်စားဘွယ်များကို ဆောင်သောမြည်းတဆယ်ကို ပေးလိုက်၏။ |
24. | သင်တို့သည် လမ်း၌ရန်မတွေ့ကြနှင့်ဟု မှာထားလျက် အစ်ကိုတို့ကို လွှတ်လိုက်၍ သူတို့သည် သွားကြ၏။ |
25. | ထိုသို့အဲဂုတ္တုပြည်မှ ထွက်သွား၍၊ ခါနာန်ပြည် အဘယာကုပ်ထံသို့ ရောက်ကြလျှင်၊ |
26. | ယောသပ်သည် အသက်ရှင်သေး၏။ အဲဂုတ္တု ပြည်လုံးကို အုပ်စိုးရ၏ဟု ကြာပြောကြသည်ရှိသော်၊ ယာကုပ်သည် စိတ်နှလုံးလျော့၏။ သူတို့စကားကို မယုံ နိုင်။ |
27. | သူတို့သည်လည်း ယောသပ်ပြောသမျှသော စကားတို့ကို ပြန်ပြောကြ၏။ အဘယာကုပ်သည် မိမိ စီးစရာဘို့ ယောသပ်ပေးလိုက်သော လှည်းတို့ကို မြင် သောအခါ စိတ်နှလုံးအားဖြည့်ပြန်၏။ |
28. | ဣသရေလကလည်း၊ တန်တော့။ ငါ့သားယောသပ် အသက်ရှင်သေး၏။ ငါမသေမှီ သူ့ကိုသွား၍ ကြည့်မည်ဟုဆို၏။ |
← Genesis (45/50) → |