← Genesis (43/50) → |
1. | ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည် ဖြစ်၍၊ |
2. | အဲဂုတ္တုပြည်မှ ဆောင်ခဲ့သောစပါးကို စားကုန် ပြီးမှ၊ အဘက၊ တဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။ |
3. | ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ။ |
4. | ကျွန်ုပ်တို့ညီကို ထည့်လျှင်သွား၍ အဘစားဘို့ ရာ ဝယ်ပါမည်။ |
5. | ညီကို မထည့်လျှင် မသွားပါ၊ အကြောင်းမူကား၊ ထိုသူက သင်တို့ညီမပါလျှင် ငါ့မျက်နှာ ကို မမြင်ရဟု ပြောထားပြီဟု အဘအား ပြန်ဆိုလေ၏။ |
6. | ဣသရေလကလည်း၊ သင်တို့၌ ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲကြ သနည်းဟုဆိုသော်၊ |
7. | သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာ အမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘ အသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသော အခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့ လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကို ဆောင်ခဲ့ကြဟု သူပြောမည် ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။ |
8. | ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့ သည် မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ ထ၍ သွားကြပါမည်။ |
9. | ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ် တွင် သူ့ကို တောင်းပါ။သူ့ကိုပြန်၍မဆောင် အဘရှေ့မှာ မထားလျှင်၊ အစဉ်မပြတ် အပြစ်ကို ခံပါစေ။ |
10. | ဤမျှလောက်မဖင့်နွှဲ့လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။ |
11. | အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြ လော့။ ထိုသူအား ဆက်စရာဘို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏ အသီးမျိုးအကောင်းဆုံးတည်းဟူသော ဗလစံစေး အနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကို ယူကြလော့။ |
12. | သင်တို့လက်၌ ငွေနှစ်ဆကိုလည်း ယူကြလော့။အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက်၌ ဆောင် သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှု ဖြစ်ဟန်ရှိ၏။ |
13. | သင်တို့ညီကိုလည်းယူ၍ တဖန် ထိုသူထံသို့ ထသွားကြလော့။ |
14. | ထိုသူသည် သင်တို့ အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရား သခင်ပေးတော်မူပါစေသော။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊ |
15. | သူတို့သည် ထိုလက်ဆောင်ကို၎င်း၊ မိမိလက်၌ ငွေနှစ်ဆကို၎င်း၊ ဗင်္ယာမိန်ကို၎င်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။ |
16. | သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ အကောင်များကို သတ်၍ စားစရာကို ပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူ မွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည် အတိုင်း၊ |
17. | ဝန်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ ခေါ် သွား၏။ |
18. | ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့ သည် ငါတို့အိတ်၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ် သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကို သိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊ |
19. | ယောသပ်၏ ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှာ နှုတ်ဆက်လျက်၊ |
20. | သခင်၊ ယမန်က အကျွန်ုပ်တို့သည် အစာကို ဝယ်ခြင်းငှါ အမှန်လာပါ၏။ |
21. | စားခန်းသို့ရောက်၍ အိတ်များကိုဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝ တွင် ရှိပါ၏။ ထိုငွေကို တဖန် ဆောင်ခဲ့ကြပါပြီ။ |
22. | ယခုလည်းအစာကို ဝယ်ခြင်းငှါအခြားသော ငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အကျွန်ုပ်တို့ အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟု ဆိုကြ သော်၊ |
23. | ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့၏အဘ ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကို ငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက် လေ၏။ |
24. | ယောသပ်အိမ်သို့သွင်းပြီးမှ၊ ဝန်စာရေးသည် ရေကို ပေး၍ ခြေဆေးစေ၏။ မြည်းတို့ကိုလည်း ကျွေး လေ၏။ |
25. | မွန်းတည့်ချိန်၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင်ကိုပြင်နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့ သည် ကြားလေသတည်း။ |
26. | ယောသပ်သည် အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသော လက်ဆောင်ကို အိမ်ထဲ ယော သပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။ |
27. | ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘ တည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူ သည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လောဟု မေးလျှင်၊ |
28. | သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘ သည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟု လျှောက် လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ ၏။ |
29. | ထိုအခါ ယောသပ်သည် မြော်ကြည့်၍ မိမိအမိ ၏သား၊ မိမိညီရင်းဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလောဟု မေးလျက်၊ သင့်ကို ဘုရားသခင် ကယ်မသနားတော်မူပါ စေသော ငါ့သားဟု ဆိုပြီးမှ၊ |
30. | ညီရင်းကိုမြင်ရ၍ ကြင်နာသော စိတ်ရှိသော ကြောင့် အလျင်အမြန်ထသွားလေ၏။ ငိုရာအရပ်ကို ရှာသဖြင့်၊ အိပ်ခန်းထဲသို့ဝင်၍ ငိုလေ၏။ |
31. | တဖန် မျက်နှာကိုသစ်၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင်၊ စားပွဲကို ပြင်ကြဟု အမိန့်ရှိ၏။ |
32. | ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့်စားသော အဲဂုတ္တုလူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံ့တတ်ကြ၏။ |
33. | ညီအစ်ကိုတို့သည် အကြီးမှစ၍ အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာ ထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။ |
34. | ယောသပ်သည်လည်း သူတို့စားရန်အဘို့ အသီး အသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာန်မိန်ရသော အဘို့သည် အစ်ကိုတို့ရသောအဘို့ထက် ငါးဆများသတည်း။သူတို့သည်သောက်၍ ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။ |
← Genesis (43/50) → |