← Genesis (42/50) → |
1. | အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ယာကုပ် ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု၍ နေကြသနည်း။ |
2. | အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ငါကြားရပြီ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့ သွား၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း၊ |
3. | ယောသပ်၏ အစ်ကိုတကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ၏။ |
4. | ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့် အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။ |
5. | ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသော ကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ၏။ |
6. | ယောသပ်သည် နိုင်ငံအုပ်ဖြစ်၍ ပြည်သား အပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယော သပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။ |
7. | ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာ ပြော လျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟု မေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်က လာကြပါသည် ဟုလျှောက်ကြ၏။ |
8. | ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကို မသိကြ။ |
9. | ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသော အိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည် သူလျှို ဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှု ခြင်းငှါ လာကြပြီဟုဆိုလျှင်၊ |
10. | သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့ သည် အစာကို ဝယ်ခြင်းငှါသာ လာကြပါ၏။ |
11. | ကျွန်တော်တို့သည် တယောက်တည်းသောသူ၏ သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက် ကြ၏။ |
12. | ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌ အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟု ဆိုပြန်၏။ |
13. | သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန် ပြည်၌ တယောက်တည်းသောသူ၏သား၊ ညီအစ်ကို တကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊ |
14. | ယောသပ်က၊သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊ |
15. | သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။ |
16. | သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊ |
17. | အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။ |
18. | သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား၊ |
19. | သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ၍သွားကြလော့။ |
20. | အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။ |
21. | ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့ သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။ |
22. | ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။ |
23. | ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း။ |
24. | ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ ငိုလေ၏။ တဖန် လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင် ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။ |
25. | ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်း စီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။ |
26. | သူတို့သည်လည်း မြည်းများအပေါ်၌ စပါးကို တင်၍ ထွက်သွားကြ၏။ |
27. | စားခန်းသို့ရောက်သောအခါ၊ တယောက်သော သူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။ |
28. | ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကို ပြန်ထား ပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည် စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ၏။ |
29. | ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊ |
30. | ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။ |
31. | ကျွနုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။ |
32. | တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက်ဖြစ်ကြပါ၏။ တယောက်ကားမရှိပါ။ အငယ် ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ၊ |
33. | ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍သွားကြလော့၊ |
34. | အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကိုကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊ |
35. | မိမိတို့အိတ်များအထဲက စပါးကို ထုတ်သော အခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့် အဘသည် မြင်သော အခါ ကြောက်လန့်ကြ၏။ |
36. | အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန် ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့ သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အား ဆို၏။ |
37. | ရုဗင်ကလည်း၊ ကျွန်ုပ်သည် ဗင်္ယာမိန်ကို အဘ ထံသို့ပြန်၍ မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။သူ့ကိုကျွန်ုပ် လက်၌အပ်ပါ။ ကျွန်ုပ်တဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအား ဆို၏။ |
38. | အဘကလည်း၊ သင်တို့နှင့်အတူ ငါ့သားမသွား ရ။ သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်း ကျန် ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ ဘေးရောက် လျှင်၊သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏။ |
← Genesis (42/50) → |