← Genesis (40/50) → |
1. | ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော် ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင် အဲဂုတ္တု ရှင်ဘုရင်ကို ပြစ်မှားကြ၏။ |
2. | ဖါရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်း ဟူသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက် ထွက်၍၊ |
3. | ယောသပ်အချုပ်ခံရာ ထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။ |
4. | ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ်၌ အပ်၍၊ ယောသပ်သည် ပြုစုရ၏။သူတို့လည်း အင်တန် ကာလ အချုပ်ခံလျက် နေရကြ၏။ |
5. | ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ၏။ |
6. | နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ ထံသို့ဝင်၍ ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင်၊ |
7. | သင်တို့သည် ယနေ့အဘယ်ကြောင့် မျက်နှာ ညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူ အချုပ်ခံ နေရသော ဖါရောမင်း၏ အမတ်တို့အား မေး၏။ |
8. | သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။ |
9. | ထိုအခါ ဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သော အိပ်မက်တွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင် ရှိ၏။ |
10. | ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်း ပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီး ဖြစ်လေ၏။ |
11. | ဖါရောမင်း၏ ဖလားတော်ကို ငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော် တွင် ဆက်သည်ဟုပြောဆို၏။ |
12. | ယောသပ်ကလည်း သင်၏အိပ်မက်အနက် ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။ |
13. | သုံးရက်လွန်မှဖါရောမင်းသည် သင်၏ဦးခေါင်း ကို ချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်က ဖလားတော်ဝန်ဖြစ်၍ ပြုဘူးသည် နည်းတူ၊ တဖန်ဖလားတော်ကို ဖါရောမင်း၏လက်တွင် ဆက်မြဲ ဆက်ရလိမ့်မည်။ |
14. | သင်သည် ချမ်းသာရသောအခါ ကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖါရောဘုရင်က တိုလျှောက်၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ။ |
15. | အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှ ခိုးယူ ခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်ဟုဆို၏။ |
16. | ထိုအိပ်မက်အနက် ကောင်းသည်ကို စားတော် ဝန် သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက်၏။ |
17. | အပေါ်တောင်းတွင် ဖါရောမင်းစားတော်ခေါ် ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သော တောင်းထဲကနှုတ်၍ စားကြသည်ဟု ယောသပ်အား ပြောဆို၏။ |
18. | ယောသပ်ကလည်း၊ သင်၏အိပ်မက် အနက်ဟူ မူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။ |
19. | သုံးရက်လွန်မှ ဖါရောမင်းသည် သင်၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကို နှုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။ |
20. | ထိုနောက် သုံးရက်လွန်သောအခါ၊ ဖါရောမင်း ဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုး အပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန် ၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုး တို့တွင် ဖေါ်တော်မူ၍၊ |
21. | အိပ်မက်အနက်ကို ယောသပ်ဘတ်သည် အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တဖန် ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖါရော မင်း၏လက်တွင် ဆက်မြဲဆက်ရ၏။ |
22. | စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။ |
23. | သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ် ကို မအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။ |
← Genesis (40/50) → |