← Genesis (39/50) → |
1. | ဣရှမေလလူတို့သည် ယောသပ်ကို ဆောင် သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တု အမျိုးသား ဖါရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ပေါတိဖါထံမှာ ရောင်းကြ၏။ |
2. | ထာဝရဘုရားသည် ယောသပ်ဘက်၌ ရှိတော် မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုး သား မိမိသခင်၏အိမ်၌ နေရလေ၏။ |
3. | သူ့ဘက်၌ ထာဝရဘုရားသည် ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင် လည်း သိမြင်၏။ |
4. | ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌ မျက်နှာရ၍ခစားလျက် နေရ၏။ သခင်သည်လည်း မိမိ အိမ်တွင် အိမ်အုပ်အရာနှင့် ခန့်ထား၍ ဥစ္စာရှိသမျှကို အပ်လေ၏။ |
5. | ထိုသို့အိမ်နှင့် ဥစ္စာရှိသမျှကို အုပ်စိုးစေသည် ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။ |
6. | သခင်သည် မိမိ၌ရှိသမျှကို ယောသပ်လက်သို့ အပ်၍၊ မိမိစားသောအစာမှတပါး အခြားသော ဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင် ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။ |
7. | ထိုနောက်မှ သခင်၏မယားသည် ယောသပ်ကို တပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။ |
8. | ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသော ဥစ္စာတို့ကို ကျွန်တော်လက်သို့ အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှ မသိ မမှတ်ပါ။ |
9. | ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ကိုယ်မယားဖြစ်သော သခင်မမှတပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။ |
10. | ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော် လည်း၊ ယောသပ်သည် သူ၏စကားကို နားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကို ရှောင်လေ၏။ |
11. | တနေ့သ၌ ယောသပ်သည် အမှုဆောင်ခြင်းငှါ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတယောက်မျှ မရှိ သောအခါ၊ |
12. | သခင်မက ငါနှင့်အတူ အိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကို ကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိ အဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။ |
13. | ထိုသို့သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ၊ |
14. | အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှါ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်း ငှါ ဝင်လာ၍ ငါသည် ကျယ်သောအသံနှင့် အော်ဟစ်ရ၏။ |
15. | ကျယ်ကျယ်အော်ဟစ်သံကို ကြားလျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင်၊ |
16. | သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကို မိမိ၌ထားလေ၏။ |
17. | သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထား သော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှါ ဝင်လာပါ၏။ |
18. | ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ် သောအခါ၊ သူသည် မိမိအဝတ်ကို စွန့်၍ ပြင်သို့ ထွက်ပြေးပါသည်ဟူသော စကားဖြင့် ကြားပြောလေ၏။ |
19. | ကိုယ်တော်၏ကျွန်သည် ကျွန်ုပ်၌ ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင်၊ ယောသပ်ကို အမျက်ထွက်၍၊ |
20. | ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသော သူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင် ထဲမှာ နေရ၏။ |
21. | သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက်၌ ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူးထံ မျက်နှာ ရစေတော်မူ၏။ |
22. | သို့ဖြစ်၍ထောင်မှူးသည် ထောင်၌ ချုပ်ထား သော သူအပေါင်းတို့ကို ယောသပ်လက်သို့အပ်၍၊ ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။ |
23. | ထိုနောက် ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ၍ သူပြုလေ ရာရာ၌ အောင်စေတော်မူသတည်း။ |
← Genesis (39/50) → |