← Genesis (34/50) → |
1. | ယာကုပ်၏မယား၊ လေအာ ဘွားမြင်သောသမီး ဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင်၊ |
2. | ထိုပြည်ကို အစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း ၏သား ရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍ အိပ် ဘော်ပြုလျက်၊ သုအသရေကို ရှုတ်ချလေ၏။ |
3. | နောက်မှ သူ့ကိုချစ်သော စိတ်မကုန်၊ အမြဲ ချစ်၍၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။ |
4. | ခမည်းတော်ဟာမော်ထံသို့လည်း ဝင်၍၊ ဤ မိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို၏။ |
5. | ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသား ရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။ |
6. | ထိုနောက်၊ ရှေခင်အဘ ဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါ လာ၍၊ |
7. | ယာကုပ်၏သားတို့လည်း သိတင်းကြားသော အခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍၊ ဣသရေလအမျိုး၌ မိုက် သောအမှု၊ မပြုအပ်သော အရာကို ပြုမိသောကြောင့်၊ သူတို့သည် စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။ |
8. | ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန် ချစ်အားကြီး ပါ၏။ ထိမ်းမြားပေးစားကြပါလော့။ |
9. | သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီး နှင့်လည်း စုံဘက်ကြလော့။ |
10. | သင်တို့သည် ငါတို့နှင့်အတူနေ၍၊ ဤပြည်၌ အဆီးအတားမရှိ၊ နေရာချလျက်၊ ဖေါက်ကားရောင်းဝယ် ခြင်းကို ပြု၍၊ အပိုင်ယူကြလော့ဟု ဆိုလေ၏။ |
11. | ရှေခင်ကလည်း၊ သင်တို့စိတ်နှင့်တွေ့ကြပါစေ။တောင်းသမျှကို ပေးပါမည်။ |
12. | ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ် စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင် ပေးပါမည်။ဤမိန်းမကိုသာ ငါ့အား ထိမ်းမြားပေးစားကြပါဟု၊ မိန်းမ ၏အဘနှင့်မောင်တို့အား ဆိုလေ၏။ |
13. | ယာကုပ်၏ သားတို့သည်၊ နှမဒိနကို ရှေခင် မင်းသား ရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသား နှင့်အဘဟာမော်ကို ပရိယာယ်ဖြင့် ပြန်ပြောသည်မှာ၊ |
14. | ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံ သောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ် သောအကြောင်း ဖြစ်ပါ၏။ |
15. | သင်တို့သည် ကျွန်ုပ်တို့ ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံလျှင်၊ ကျွန်ုပ် တို့သည် ဝန်ခံကြပါမည်။ |
16. | သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တမျိုးတည်းဖြစ် ကြလိမ့်မည်။ |
17. | သို့မဟုတ်ကျွန်ုပ်တို့စကားကို နားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့ သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။ |
18. | ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင် သည် နှစ်သက်၍၊၊ |
19. | ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အား ကြီးသောကြောင့်၎င်း၊ အဘ၏ အမျိုးသားချင်းအပေါင်း တို့ထက် အသရေရှိသောကြောင့်၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။ |
20. | ထိုအခါ၊ ဟာမော်မင်းနှင့် သားတော် ရှေခင် သည်၊ မိမိမြို့တံခါးသို့ သွား၍၊ မြို့သားတို့နှင့် နှုတ်ဆက် လျက်၊ |
21. | အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့် ကြပြီ။ ငါတို့ပြည်၌နေ၍ ဖေါက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဘက် ပြုကြ စို့။ငါတို့သမီးများကိုလည်း သူတို့အား ထိမ်းမြားပေးစား ကြစို့။ |
22. | သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာ ကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မင်္ဂလာကို ခံမှသာ၊ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုး တည်း ဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည်။ |
23. | သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင် နေကြလိမ့်မည်ဟု၊ |
24. | ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသော စကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည် နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ၏။ |
25. | ထိုသို့ခံ၍ သုံးရက်မြောက်သော နေ့၌၊ အလွန် နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင် ရှိမောင်နှင့် လေဝိညီနောင် နှစ်ယောက်တို့သည်၊ ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိမရှိသော ထိုမြို့ကို တိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏။ |
26. | ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ထားလက်နက်ဖြင့် သတ်ပြီးလျှင်၊ ဒိနကို ရှေခင်အိမ်မှ နှုတ်ယူ၍ ပြန်သွားကြ၏။ |
27. | မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့်၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊ |
28. | သူတို့ သိုး၊ဆိတ်၊နွား၊မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကို၎င်း၊ |
29. | သူတို့သားမယား သူငယ်အပေါင်းကို၎င်း သိမ်း ယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။ |
30. | ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲ ကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည် သားတို့သည် ငါ့ကိုရွံရှာအောင် ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အား ဆိုလေသော်၊ |
31. | သူတို့က၊ ငါတို့နှမကို ပြည်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။ |
← Genesis (34/50) → |