← Genesis (33/50) → |
1. | ထိုအခါ ယာကုပ်သည် မြော်ကြည့်၍၊ အစ်ကို ဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင်၊ လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများ တို့ကို ဝေပေးလေ၏။ |
2. | ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့် ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌ ၎င်း၊ ရာခေလနှင့် ယောသပ်ကို နောက်၌၎င်း ထားလေ ၏။ |
3. | သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ် တိုင်အောင် ဦးညွှတ်ပြပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ ချဉ်းကပ်လေ၏။ |
4. | ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။ |
5. | ထိုနောက်၊ မြော်ကြည့်၍၊ မိန်းမများ၊ သူငယ် များကို မြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ် သူနည်းဟုမေးသော်၊ ကိုယ်တော်၏ ကျွန်အား၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟု ပြန်ပြောပြီးမှ၊ |
6. | ကျွန်မတို့သည်၊ မိမိတို့သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ |
7. | ထိုနောက်၊ လေအာသည် သူ၏သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့် ရာခေလသည် ချဉ်းကပ်၍ ဦးညွှတ်ခြင်းကို ပြုကြ၏။ |
8. | ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟု မေး လျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော၏။ |
9. | ဧသောကလည်း၊ ငါ့ညီ၊ ငါ၌ လုံလောက်အောင် ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။ |
10. | ယာကုပ်ကလည်း၊ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သော လက် ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏ မျက်နှာတော် ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏ မျက်နှာကို ဖူးမြင် ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။ |
11. | ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏ မင်္ဂလာကိုခံယူတော်မူပါ။ဘုရားသခင်သည်၊ကျွန်တော်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌ လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။ |
12. | ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာ ကျွန်ုပ်သွားမည်ဟုဆိုလျှင်၊ |
13. | ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ် တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမ တို့သည် ကျွန်တော်၌ပါပါ၏။ တနေ့ ခြင်းတွင် အနှင်လွန် လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။ |
14. | ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ ကျွန်ရှေ့ မှာကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ၊သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာ စိရပြည်သို့ ရောက်အောင်၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်ဟု လျှောက်လေ၏။ |
15. | ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ ပါသော သူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်း ရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊ |
16. | ဧသောသည် ထိုနေ့ခြင်းတွင် စိရပြည်သို့ ခရီးသွား၍ ပြန်လေ၏။ |
17. | ယာကုပ်လည်း၊ သုကုတ်အရပ်သို့ ခရီးသွား၍၊ ကိုယ်နေဘို့အိမ်ကို၎င်း၊ တိရစ္ဆာန်များနေဘို့ တင်းကုပ် တို့ကို၎င်း၊ ဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍ တွင်လေသတည်း။ |
18. | ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။ |
19. | တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတပိဿာ အဘိုးပေး၍ ဝယ်ရသတည်း။ |
20. | ထိုအရပ်၌လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။ |
← Genesis (33/50) → |