← Genesis (3/50) → |
1. | မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။ |
2. | မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။ |
3. | ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ |
4. | မြွေကလည်း သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်၊ |
5. | အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။ |
6. | ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်း စား၏။ |
7. | ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။ |
8. | နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ၏။ |
9. | ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။ |
10. | လူကလည်း ဥယျာဉ်၌ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။ |
11. | ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလောဟု မေးတော်မူ၏။ |
12. | လူကလည်း ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။ |
13. | ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။ |
14. | ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့် သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။ |
15. | သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။ |
16. | မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။ |
17. | ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။ |
18. | ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။ |
19. | သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။ |
20. | ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင် သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။ |
21. | ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။ |
22. | ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်း သိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကို ယူ၍ မစားသင့်ဟု မိန့်တော်မူ၏။ |
23. | လူသည် မိမိထွက်သော မြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။ |
24. | ထိုသို့လူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။ |
← Genesis (3/50) → |