← Genesis (27/50) → |
1. | ထိုနောက် ဣဇာက်သည် အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟု ခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။ |
2. | အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သော အခါ သေရမည်ကို ငါမသိ။ |
3. | မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊ |
4. | ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပြောဆို၏။ |
5. | ထိုသို့ ဣဇာက်သည် သားဧသောအား ပြောဆို သောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကို ရအောင်တောသို့ အရှာသွားစဉ်တွင်၊ |
6. | ရေဗက္ကသည် သားယာကုပ်ကို ခေါ်၍၊ |
7. | သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကို ယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကို ဧသောအား ပြောသည်ကို ငါကြား ပြီ။ |
8. | သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသော စကားကို နားထောင်ပါ လော့။ |
9. | ယခုဆိတ်စုရှိရာသို့ သွား၍၊ ကောင်းသော ဆိတ် သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။ |
10. | သင်၏အဘမသေမှီ သင့်ကို ကောင်းကြီးပေး မည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ သင် သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။ |
11. | ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကို ဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွှတ်သောသူ ဖြစ်၏။ |
12. | ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်း စမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသော သူဟူ၍ ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်ဟု အမိကိုဆို လေ၏။ |
13. | အမိရေက္ကေကလည်း၊ ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကား ကို နားထောင်၍ ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါဟု ဆိုသည်အတိုင်း၊ |
14. | သူသည် သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ၏။ |
15. | ထိုအခါ ရေဗက္ကသည် အိမ်တွင် မိမိလက်၌ ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သော အဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကို ဝတ်စေလျက်၊ |
16. | ဆိတ်သငယ်၏ သားရေကိုလည်းယူ၍ သူ၏ လက်၌၎င်း၊ လည်ပင်ချောသော ဘက်၌၎င်း ဆင်ယင်ပြီး လျှင်၊ |
17. | မိမိချက်သော အမဲဟင်းနှင့် မုန့်ကိုသားယာကုပ် လက်၌အပ်ပေး၏။ |
18. | ယာကုပ်လည်း အဘထံသို့ သွား၍၊ အဘဟု ခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား။ သင်သည် အဘယ်သူနည်းဟု မေး၏။ |
19. | ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီး ဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်းပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်း ကြီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကို စား ပါလော့ဟု ဆိုလေ၏။ |
20. | အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်း ဟု သားအားမေးလျှင်၊ အဘ၏ ဘုရားသခင် ထာဝရ ဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသော ကြောင့်၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏။ |
21. | ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သား ဧသောမှန်သည် မမှန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်း သပ်စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊ |
22. | ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘ သည် စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကား ဧသော၏လက်ဖြစ်ပေသည်ဟု ဆိုလေ၏။ |
23. | ထိုသို့သူ၏ လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိ သဖြင့်၊ ကောင်းကြီးပေးလေ၏။ |
24. | သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့သားဧသော စင်စစ်အမှန်ပင် ဖြစ်သလောဟု မေးပြန်လျင်၊ မှန်ပါ သည်ဟု ဆို၏။ |
25. | အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ငါ့သား၏ အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့ သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကို လည်း ပေး၍ အဘသောက်လေ၏။ |
26. | ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကို နမ်းပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘ ကို နမ်းလေ၏။ |
27. | အဘဣဇာက်ကလည်း၊ သူ့အဝတ်၏ အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့် တူ၏။ |
28. | ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။ |
29. | သူတပါးတို့သည် သင်၌ကျွန်ခံ၍၊ အပြည်ပြည် တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌ အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိတ်ဆဲခြင်းကို ခံရကြစေ သတည်း။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ၏။ |
30. | ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်း ကြီးမင်္ဂလာကို ခံ၍၊ အဘထံမှ ထွက်သွားသော ခဏခြင်း တွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှ ရောက်လာ၏။ |
31. | သူသည်လည်း အမဲဟင်းလျာကို ချက်၍ အဘ ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်း၊ သား၏ အမဲသားကို ထ၍စားပါလော့ဟုဆိုလေ၏။ |
32. | အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင်၊ အကျွန်ုပ်ကား သားအကြီး ဧသော ဖြစ်ပါ၏ဟု ဆိုလေသော်၊ အဘဣဇာက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊ |
33. | အမဲသားကိုရ၍၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသော သူသည် အဘယ်မှာ ရှိသနည်း။ သင်မရောက်မှီ ငါသည် အကုန်အစင်စားပြီး၍၊ သူ့ကို ကောင်းကြီးပေးမိပြီ။ သူ သည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။ |
34. | အဘဆိုသော စကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊ |
35. | အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။ |
36. | ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသော အမည်ဖြင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍ နိုင်ပါပြီ။ သားဦးအရိပ် အရာကို အရင်ယူသွားပါပြီ။ ယခုလည်း တဖန် အကျွန်ုပ် ၏ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီဟူ၍၎င်း၊ အကျွန်ုပ် အဘို့ ကောင်းကြီးမင်္ဂလာတပါးကိုမျှ မခြွင်းပါသလော ဟူ၍၎င်း ဆိုလေ၏။ |
37. | ဣဇာက်ကလည်း၊ သူ့ကို သင်၏အရှင်ဖြစ် စေပြီ။ ညီအစ်ကိုအပေါင်းတို့ကို သူ၌ကျွန်ခံစေပြီ။ ဆန်စပါး၊ စပျစ်ရည်နှင့်သူ့ကို ထောက်မပြီး။ သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု၊ ဧသော အား ပြန်ပြောလျှင်၊ |
38. | ဧသောက၊ အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှ မရှိပါသလော၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလောဟု အဘအား ပြောဆိုလျက်၊ တဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။ |
39. | အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏ နေရာသည် မြေကြီး၏ဆီဥနှင့်၎င်း၊ အထက်မိုယ်း ကောင်းကင်၏နှင်းနှင့်၎င်း ပြည့်စုံလိမ့်မည်။ |
40. | ထားဖြင့် အသက်ကိုမွေးရလိမ့်မည်။ ညီ၌ ကျွန် ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင် သောထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။ |
41. | အဘသည် ယာကုပ်အား ပေးသော ကောင်းကြီး မင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကို အငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလ အချိန် နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်ဟု၊ အကြံနှင့် ပြောလေ၏။ |
42. | ထိုသို့သားကြီး ဧသောပြောသောစကားကို အမိ အရဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏ အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌ စိတ်ပြေလိမ့်မည်။ |
43. | ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန် နေရာခါရန်မြို့သို့ ထ၍ ပြေးသွား ပါလော့။ |
44. | သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍ နေပါလော့။ |
45. | သင်၏အစ်ကို စိတ်ပြေ၍၊ သင်သည် သူ၌ ပြုသောအမှုကို သူမေ့လျော့သောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက် လုံးကို တနေ့ခြင်းတွင် အဘယ်ကြောင့် ငါရှုံးရမည်နည်း ဟု ဆိုလေ၏။ |
46. | တဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသ အမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင်၊ ကျွန်မ အသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။ |
← Genesis (27/50) → |