← Genesis (20/50) → |
1. | တဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွား သဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့ သို့ တည်းခို၏။ |
2. | ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည် ဟု၊ သူတပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာ မင်းကြီးအဘိမလက်သည် မိမိလူကို စေလွှတ်၍၊ စာရာကို ယူစေ၏။ |
3. | ညဉ့်အချိန်တွင် အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေ ဖြစ်၏။ အကြောင်းမူကား၊ သင်ယူသော မိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။ |
4. | အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ်၍၊ အိုဘုရားရှင်၊ ဖြောင့်မတ်သော လူမျိုးကို ကွပ်မျက်တော်မူမည်လော။ |
5. | သူသည် ငါနှမဖြစ်၏ဟု အကျွန်ုပ်အားယောက်ျားဆိုသည် မဟုတ်ပါလော။ အကျွန်ုပ်အား သူသည်ငါ့မောင့်ဖြစ်၏ဟု မိန်းမလည်း ဆိုသည် မဟုတ် ပါလေ။ ဖြောင့်မတ်သော သဘောရှိ၍ သန့်ရှင်းသော လက်နှင့် ဤအမှုကို အကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို၏။ |
6. | ထိုအိပ်မက်၌ ဘုရားသခင်ကလည်း၊ မှန်ပေ၏။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ၏။ သင်သည်ငါ့ကို မပြစ်မှားစေခြင်းငှါ၊ သင့်ကို ငါ ဆီးတားပြီး။ သို့ဖြစ်၍ ထိုမိန်းမနှင့် ပေါင်းဘော်ရသော အခွင့်ကို ငါမပေး။ |
7. | ယခုမှာ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဘို့ ဆုတောင်းလျက်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍ မပေးဘဲ နေလျှင် သင်မှစ၍ သင်နှင့်ဆိုင်သော သူအပေါင်းတို့ သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။ |
8. | နံနက်စောစောအဘိမလက်သည် ထ၍၊ မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှ အမူအရာအလုံးစုံကို ပြောသဖြင့်၊ ထိုသူတို့သည် အလွန်ကြောက်ကြ၏။ |
9. | အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင် သည် ငါတို့၌ အဘယ်သို့ ပြုသနည်း။ သင့်ကိုငါတို့သည် အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည် ငါ၌၎င်း ငါ့နိုင်ငံ၌၎င်း၊ ကြီးစွာသော အပြစ်ကိုရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။ |
10. | တဖန်အဘိမလက်က၊ သင်သည် အဘယ်အမှုကို မြင်၍ ဤသို့ပြုသနည်းဟု အာဗြဟံကိုမေးလျှင်၊ |
11. | အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရား သခင်ကို မကြောက်၊ အကျွန်ုပ်၏မယားအတွက် အကျွန်ုပ်ကို သတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိ ပါပြီ။ |
12. | သို့သော်လည်း သူသည်အကျွန်ုပ် နှမမှန်ပါ ၏။ အကျွန်ုပ် အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်။ အကျွန်ုပ်မယားလည်း ဖြစ်ပါ၏။ |
13. | ဘုရားသခင်သည် အကျွန်ုပ်ကိုအဘ၏ အိမ်မှ ခေါ်၍ လည်စေတော်မူသောအခါ၊ အကျွန်ုပ်က၊ သင်သည် ငါ၌ပြုရသောကျေးဇူးဟူမူကား၊ ငါသည် သင်၏မောင် ဖြစ်ကြောင်းကို ရောက်လေရာရာ၌ ပြောရမည်ဟု၊ မယားကိုမှာထားပါသည်ဟု ပြန်ပြောလေ၏။ |
14. | ထိုအခါ အဘိမလက်သည်၊ သိုး၊ နွား၊ ကျွန် ယောက်ျား၊ ကျွန်မိန်းမတို့ကိုယူ၍ အာဗြဟံအား ပေးလေ ၏။ မယားစာရာကိုလည်း ပြန်ပေး၏။ |
15. | အဘိမလက်ကလည်း၊ ငါ့မြေသည် သင့်ရှေ့မှာ ရှိ၏။ အလိုရှိသည်အတိုင်း နေပါဟု အမိန့်ရှိ၏။ |
16. | စာရာကိုလည်း သင်နှင့်သင့်အပေါင်းအဘော်တို့ အဘို့ မျက်နှာဖုံးများကို ဝယ်စရာဖို့ သင်၏မောင်အား ငွေတထောင်ကို ငါပေးပြီဟု အမိန့်ရှိသဖြင့် သူသည် လည်း အရာရာ၌ အဆုံးအမခံရ၏။ |
17. | အာဗြဟံသည်လည်း၊ ဘုရားသခင်ကို ဆုတောင်း၍၊ ဘုရားသခင်သည် အဘိမလက်နှင့်သူ၏ မယား၊ သူ၏ကျွန်မတို့ကို အနာပျောက်စေတော်မူသဖြင့်၊ သူတို့သည် သားကိုဘွားကြ၏။ |
18. | အထက်က အာဗြံဟံ၏ မယားစာရာကြောင့် ထာဝရဘုရားသည် အဘိမလက်၏အိမ်သူ၊ မိန်းမ တယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှါ စစီရင်တော်မူသတည်း။ |
← Genesis (20/50) → |