← Genesis (16/50) → |
1. | အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊ |
2. | စာရဲက၊ အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။ |
3. | ထိုသို့အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။ |
4. | အာဗြံသည်လည်း ဟာဂရထံသို့ ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီ မဲ့မြင်ပြုလေ၏။ |
5. | စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေ သောဟု၊ အာဗြံအား ဆိုလေ၏။ |
6. | အာဗြံကလည်း၊ သင်၏ ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ ပြုချင်သမျှပြုပါလော့ဟု စာရဲအား ပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ၏။ |
7. | ထာဝရဘုရား၏ ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်း နားမှာ ဟာဂရကိုတွေ့လျှင်၊ |
8. | စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည်ဟု ဆိုလေ၏။ |
9. | ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သင်၏ သခင်မထံသို့ ပြန်၍၊ သူ၏အုပ်စိုးခြင်းကို ခံလော့ဟု အမိန့်ရှိ၏။ |
10. | တဖန်ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သင်၏ အမျိုးအနွယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန် များပြားစေမည်ဟူ၍၎င်း၊ |
11. | သင်သည် ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလ အမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။ |
12. | သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကို အပေါင်းတို့၏ အပါး၌ နေရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။ |
13. | ထိုသို့ မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလ ရောဟူသောအမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသော သူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။ |
14. | ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာ ရှိသတည်း။ |
15. | ထိုနောက် ဟာဂရသည် အာဗြံအား သားကို ဘွားမြင်၏။ အာဗြံလည်း ဟာဂရတွင် မြင်သော သားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။ |
16. | အာဗြံသည် သားဣရှမေလကို ဟာဂရဘွားမြင်သောအခါ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း။ |
← Genesis (16/50) → |