← Exodus (9/40) → |
1. | ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင် ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကို လွှတ်လော့။ |
2. | မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊ |
3. | ထာဝရဘုရား၏လက်တော်သည် လယ်ပြင်၌ ရှိသော တိရစ္ဆာန်၊ မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွားတို့အပေါ်၌ ရောက်၍ အလွန်ပြင်းစွာသော ရောဂါ စွဲလိမ့်မည်။ |
4. | ထာဝရဘုရားသည်၊ ဣသရေလလူတို့၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကို ခြားနား စေသဖြင့်၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ။ |
5. | နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကို ထာဝရ ဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။ |
6. | နက်ဖြန်နေ့၌ ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုးသေကြ၏။ ဣသ ရေလလူတို့၏ တိရစ္ဆာန်တကောင်မျှမသေ။ |
7. | ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသ ရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေ ကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။ |
8. | ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြာကို လက် နှင့်ယူ၍ မောရှေသည် ဖါရောဘုရင်ရှေ့၌ မိုဃ်းကောင်း ကင်သို့ပစ်လွှင့်စေ။ |
9. | ထိုပြာသည် အဲဂုတ္တုပြည်တရှောက်လုံး၌ နှံ့ပြား သော အမှုန့်ဖြစ်၍၊ ပြည်တရှောက်လုံးတွင် လူနှင့် တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သော အနာဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အ တိုင်း၊ |
10. | သူတို့သည် မီးဖိုထဲကပြာကိုယူ၍၊ ဖါရောဘုရင် ရှေ့မှာရပ်လျက်၊ မောရှေသည် မိုဃ်းကောင်းကင်သို့ ပစ် လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲ အကျိတ်ပြည့်သော အနာဆိုးဖြစ်လေ၏။ |
11. | ဝိဇ္ဇာဆရာတို့သည် အနာဆိုးကြောင့်၊ မောရှေ ရှေ့၌မရပ်မနေနိုင်။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို့၌၎င်း၊ အဲဂုတ္တုလူအပေါင်းတို့၌၎င်း စွဲသတည်း။ |
12. | ထာဝရဘုရားသည် ဖါရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအား မိန့်တော်မူ သည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲ နေလေ၏။ |
13. | တဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖါရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ ဘုရား သခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြု မည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။ |
14. | သို့မဟုတ် ယခုကာလအခါ သင်၏နှလုံး၌၎င်း၊ သင်၏ကျွန်များ၊ လူများ၌၎င်း၊ ငါ၏ဘေးဒဏ်အလုံးစုံ တို့ကို သင့်ရောက်စေမည်။ မြေကြီးတရှောက်လုံး၌ ငါကဲ့သို့သောသူ မရှိကြောင်းကိုသင်သည် သိရလိမ့်မည်။ |
15. | ငါ့လက်ကို ငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။သင့်ကိုလည်း မြေကြီးပေါ် က သုတ်သင်ပယ်ရှင်းမည်။ |
16. | အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီးတပြင်လုံးတွင် ကျော်စောစေခြင်း ငှါ၎င်း၊ သင့်ကို ငါချီးမြှောက်ခဲ့ပြီ။ |
17. | သင်သည် ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကို စော်ကားသေးသလော။ |
18. | ကြည့်ရှုလော့။ အဲဂုတ္တုပြည် တည်သည်ကာလမှ စ၍ ယခုတိုင်အောင် မရွာဘူးသော အလွန်ကြီးစွာသော မိုဃ်းသီးရွာခြင်းကို နက်ဖြန်နေ့ ဤအချိန်၌ ငါဖြစ်စေ မည်။ |
19. | ထိုကြောင့်ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့ မဆောင်လျင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာ မိုဃ်းသီးကျ၍၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကို ပြောလော့ဟု မောရှေ အား မိန့်တော်မူ၏။ |
20. | ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ ကျွန်တို့သည်၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ၏။ |
21. | ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ ထားကြ၏။ |
22. | ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တရှောက်လုံး၌ လူတို့အပေါ်မှာ၎င်း၊ တိရစ္ဆာန်တို့အပေါ်မှာ၎င်း၊ လယ်ပြင်၌ရှိလေသမျှသော အပင်များအပေါ်မှာ၎င်း၊ မိုဃ်းသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။ |
23. | မောရှေသည် မိမိလှံတံကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ ထာဝရဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာပြေးလေ၏။ ထိုသို့ ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မိုဃ်းသီးရွာစေ တော်မူသဖြင့်၊ |
24. | အဲဂုတ္တုပြည် တည်ထောင်သည်ကာလမှစ၍ တခါမျှမဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့်ရော၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ၏။ |
25. | အဲဂုတ္တုပြည် တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များ တို့ကို မိုဃ်းသီးထိလေ၏။ |
26. | သို့ရာတွင် ဣသရေလအမျိုးသားနေရာဂေါရှင်ပြည်၌ မိုဃ်းသီးမကျမရွာ။ |
27. | ထိုအခါ ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။ |
28. | တန်ပါပြီ။ အားကြီးသော မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲမည်အကြောင်း၊ ထာဝရဘုရားကို တောင်းပန်ပါ။ သင်တို့ကို ငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။ |
29. | မောရှေကလည်း၊ မြို့ထဲက ကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုဃ်းကြိုးစဲလိမ့် မည်။ မိုဃ်းသီးလည်း မကျမရွာရ။ |
30. | သို့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော်၏ကျွန်တို့သည်၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေး ကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို၏။ |
31. | ပိုက်ဆန်ပင်၊ မုယောပင်ကို မိုဃ်းသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆံပင်လည်း အသီးမှည့်ပြီ။ |
32. | ဂျုံစပါး၊ ကောက်စပါးပင်ကိုကား မထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။ |
33. | မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကို ဖြန့်သဖြင့်၊ မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲလေ၏။ မြေပေါ်၌လည်း မိုဃ်းမရွာ။ |
34. | ထိုသို့ မိုဃ်းမရွာ၍ မိုဃ်းသီးနှင့် မိုဃ်းကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တဖန်ပြစ်မှား၍၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ၏။ |
35. | ထိုသို့ ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။ |
← Exodus (9/40) → |