← Exodus (8/40) → |
1. | ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင်ထံသို့ဝင်၍ ငါ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့။ |
2. | မလွှတ်ဘူးဟုငြင်းလျှင်၊ သင်၏ပြည်တရှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။ |
3. | မြစ်သည်လည်းများစွာသော ဘားတို့ကိုဘွား၍၊ သူတို့သည် သင်၏အိမ်၌၎င်း၊ အိပ်ခန်း၌၎င်း၊ အိပ်ရာ ပေါ်၌၎င်း၊ သင်၏ကျွန်တို့ အိမ်၌၎င်း၊ သင်၏လူတို့အပေါ်၌၎င်း၊ သင်၏မီးဖို၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း တက်ကြလိမ့်မည်။ |
4. | သင်မှစ၍ သင်၏လူ၊ သင်၏ကျွန်ရှိသမျှတို့ အပေါ်၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ သည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ၏။ |
5. | တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့အပေါ်၌ လှံတံကို ကိုင်လျက်၊ လက်ကို ဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဘားများကို တက်စေ ခြင်းငှါ ပြောလော့ဟု မိန့်တော်မူ၏။ |
6. | အာရုန်သည် အဲဂုတ္တုပြည်၌ရှိသော ရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဘားတို့သည်တက်၍ အဲဂုတ္တု ပြည်တရှောက်လုံးကို ဖုံးလွှမ်းကြ၏။ |
7. | ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ ဘားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ ဆောင် ကြ၏။ |
8. | ထိုအခါ ဖါရောမင်းသည်၊ မောရှေနှင့် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဘားတို့ကိုငါနှင့် ငါ့လူတို့ ထံမှ ပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော် ရသောအခွင့်ကို ငါပေးမည်ဟု ဆို၏။ |
9. | မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာနေစေ ခြင်းငှါ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဘို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော်၊ |
10. | နက်ဖြန်နေ့ တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊ မောရှေက၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားနှင့်တူသော ဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အမိန့်တော်အတိုင်းဖြစ်၍၊ |
11. | ဘားတို့သည်ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ၊ ကျွန်များ၊ လူများထံမှထွက်သွား၍ မြစ်၌သာ နေကြလိမ့်မည်ဟု မောရှေလျှောက်ပြီးလျှင်၊ |
12. | အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖါရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော် မူသော ဘားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပဌနာပြုလေ၏။ |
13. | ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်းပြုတော်မူသဖြင့်၊ ဘားတို့သည် အိမ်များ၊ ရွာများ၊ လယ်ပြင်များတို့တွင် သေကြ၏။ |
14. | အသေကောင်တို့ကို စုပုံ၍ထားသဖြင့် တပြည်လုံး နံလေ၏။ |
15. | ဖါရောမင်းလည်း၊ သက်သာရကြောင်းကို သိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန် လေ၏။ |
16. | တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ အဲဂုတ္တုပြည်တရှောက်လုံး၌ရှိသော မြေမှုန်သည် ခြင်ကောင်ဖြစ်စေခြင်းငှါ၊ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍၊ မြေမှုန့်ကို ရိုက်စေခြင်း ငှါ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊ |
17. | အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍ မြေမှုန့်ကို ရိုက်လေ၏။ မြေမှုန့်သည်လည်း လှံ၌၎င်း၊ တိရစ္ဆာန်၌၎င်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တရှောက်လုံး၌ မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ် လေ၏။ |
18. | ဝိဇ္ဇာဆရာကိုလည်း၊ ခြင်ကောင်တို့ကို ဖြစ်စေ ခြင်းငှါ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင် ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ခြင်ကောင်တို့သည် ရှိကြ၏။ |
19. | ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည် ဘုရား သခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။ |
20. | ထာဝရဘုရားကလည်း၊ သင်သည် နံနက် စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖါရော ဘုရင်ရှေ့မှာ ရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။ |
21. | မလွှတ်ဘဲနေလျှင် သင်နှင့်သင်၏ကျွန်များ၊ လူ များ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တု လူတို့နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့် ရှိရလိမ့်မည်။ |
22. | ငါသည် မြေကြီးအလယ်၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ၏လူတို့နေရာ ဂေါရှင်ပြည်ကို ထိုနေ့၌ ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။ |
23. | ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနား စေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။ |
24. | ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန် ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖါရောဘုရင်အိမ် အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက် လေ၏။ |
25. | ထိုအခါ၊ ဖါရောဘုရင်သည် မောရှေနှင့် အာရုန် ကို ခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌သင်တို့၏ ဘုရား သခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော်၊ |
26. | မောရှေက ထိုသို့မပြုသင့်။ ပြုလျှင်အဲဂုတ္တုလူ တို့၏ ရွံရှာဘွယ်သောအရာကို အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဘွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော် လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။ |
27. | သို့ဖြစ်၍ တော၌သုံးရက်ခရီးသွား၍ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်ဟု လျှောက်ဆို၏။ |
28. | ဖါရောဘုရင်ကလည်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကို ငါပေးမည်။ သို့ရာတွင် ဝေးဝေး မသွားရကြ။ ငါ့အဘို့တောင်းပန်လော့ဟု မိန့်တော်မူ၏။ |
29. | မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ မှ ထွက်သွား၍ ယင်ရဲတို့သည် ဖါရောဘုရင်နှင့် သူ၏ ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသ ရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည် အကြောင်း၊ နောက်တဖန် ဆီးတား၍ လှည့်စားတော် မမူပါနှင့်ဟု လျှောက်ပြီးလျှင်၊ |
30. | ဖါရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကို တောင်းပန်လေ၏။ |
31. | ထာဝရဘုရားသည်လည်း၊ မောရှေစကားကို နားထောင်၍ ယင်ရဲတို့ကို ဖါရောဘုရင်နှင့်သူ၏ကျွန်များ၊ လူများထံမှာ တကောင်မျှ မကျန်စေခြင်းငှါ ပယ်ရှား တော်မူ၏။ |
32. | ထိုအခါ၌လည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။ |
← Exodus (8/40) → |