← Exodus (5/40) → |
1. | ထိုနောက်မှ၊ မောရှေနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် တော၌ ငါ့အဘို့ ပွဲခံစေခြင်းငှါ လွှတ်ရမည်ဟု မိန့်တော်မူကြောင်းကို လျှောက်၏။ |
2. | ဖါရောမင်းကလည်း၊ ထာဝရဘုရား၏စကားကို နားထောင်၍၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရားကို ငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်ဟု ဆိုလေ၏။ |
3. | သူတို့ကလည်း၊ ဟေဗြဲလူတို့၏ ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ။ တောသို့သုံးရက် ခရီးသွား၍၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ပေးတော်မူပါ။ သို့မဟုတ် ကာလနာဘေး၊ ထားဘေးတစုံတခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို၏။ |
4. | အဲဂုတ္တုရှင်ဘုရင်ကလည်း၊ မောရှေနှင့် အာရုန်၊ သင်တို့သည် ဤလူများတို့ကို အဘယ်ကြောင့် အလုပ်ပြတ်စေသနည်း။ အမှုတော်ကို သွား၍ ဆောင်ရွက်ကြဟု မိန့်တော်မူ၏။ |
5. | တဖန်လည်း ပြည်တော်၌ ထိုလူတို့သည် ယခုများကြ၏။ အမှုမထမ်းစေခြင်းငှါ သင်တို့သည် အခွင့် ပေးကြသည်တကားဟု ဖါရောဘုရင်ဆို၍၊ |
6. | ထိုနေ့ခြင်းတွင် အအုပ်အချုပ်၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊ |
7. | အုတ်လုပ်စရာဘို့ ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့ မပေးနှင့်။ သူတို့သည် ကောက်ရိုးကို ကိုယ်ဘို့ ရှာယူကြစေ။ |
8. | အုတ်ကိုကား၊ အရေအတွက်အားဖြင့် အရင်ကဲ့သို့လုပ်စေရမည်၊ အလျှင်းမလျော့စေနှင့်။ သူတို့သည် ပျင်းရိကြ၏။ ထိုကြောင့် သွား၍ငါတို့ ဘုရားသခင်အား ယဇ်ပူဇော်ကြစို့ဟု ကြွေးကြော်တတ်ကြ၏။ |
9. | သို့ဖြစ်၍ စည်းကြပ်လျက် လုပ်စေကြ။ ပင်ပန်းစေကြ။ လူမိုက်စကားကို နားမထောင်စေနှင့်ဟု မိန့်တော်မူ၏။ |
10. | အအုပ်အချုပ် အကြပ်အဆော်တို့သည် ထွက်၍၊ ဖါရောဘုရင်က ကောက်ရိုးကိုငါမပေး။ |
11. | ကောက်ရိုးကို တွေ့နိုင်ရာအရပ်၌ ရှာကြ။ သို့သော်လည်း လုပ်ရသော အလုပ်အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဟု လူတို့အား ပြန်ကြားကြ၏။ |
12. | သို့ဖြစ်၍လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကို ရှာယူခြင်းငှါ အဲဂုတ္တုပြည်တရှောက်လုံးတွင် အရပ်ရပ် ကွဲပြားကြ၏။ |
13. | အုပ်ချုပ်သော သူတို့ကလည်း၊ ကောက်ရိုးကို ရသည်ကာလ၌ နေ့တိုင်းလုပ်ရသည်အတိုင်း၊ ပြီးအောင် လုပ်ကြဟု သူတို့ကိုနှိုးဆော်ကြ၏။ |
14. | ဖါရောမင်း၏ အအုပ်အချုပ်တို့သည် ခန့်ထားသော ဣသရေလအမျိုး အကြပ်အဆော်တို့ကို သင်တို့ သည် အရင်ကလုပ်သည်အတိုင်း၊ ယနေ့နှင့်မနေ့၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြ သနည်းဟု စစ်၍ရိုက်ကြ၏။ |
15. | ထိုအခါ၊ ဣသရေလအမျိုး အကြပ်အဆော်တို့သည်၊ ဖါရောမင်းထံသို့သွား၍၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့် ဤသို့စီရင်တော်မူသနည်း။ |
16. | ကိုယ်တော်ကျွန်တို့အား၊ ကောက်ရိုးကိုမပေး၊ အုပ်ချုပ်သော သူတို့ကလည်း၊ အုတ်ကိုလုပ်ကြဟု ဆို သဖြင့်၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ၏။ ကိုယ်တော် လူတို့၌သာ အပြစ်ရှိပါသည်ဟု အော်ဟစ်ကြ၏။ |
17. | ဖါရောဘုရင်ကလည်း၊ သင်တို့သည် ပျင်းရိသည်၊ ပျင်းရိသည်။ ထိုကြောင့် ငါတို့သည်သွား၍ ထာဝရ ဘုရားအား ယဇ်ပူဇော်ကြစို့ဟု သင်တို့ ဆိုတတ်ကြ၏။ |
18. | သို့သောကြောင့် ယခုသွား၍လုပ်ကြ။ ကောက်ရိုးကိုမပေးရ။ သို့သော်လည်း အုတ်ကိုပေးမြဲပေးရမည်ဟု မိန့်တော်မူ၏။ |
19. | ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက်၌ အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသ ရေလအမျိုး အကြပ်အဆော်တို့သည် မိမိတို့၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ၏။ |
20. | ဖါရောမင်းထံမှ ထွက်သွားကြစဉ်၊ လမ်း၌ စောင့်လျက်နေသော မောရှေနှင့်အာရုန်ကို တွေ့လျှင်၊ |
21. | ထာဝရဘုရားသည် သင်တို့ကို ကြည့်ရှု၍ စီရင်တော်မူပါစေသော။ အကြောင်းမူကား၊ ဖါရောမင်းနှင့် အမှုတော်ထမ်းအပေါင်းတို့သည် ငါတို့ကို ရွံရှာစေခြင်းငှါ၎င်း၊ ငါတို့ကို သတ်ရသော အခွင့်ရှိစေခြင်းငှါ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆိုကြ၏။ |
22. | မောရှေသည်လည်း၊ ထာဝရဘုရား ထံတော်သို့သွား၍၊ အိုဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ညှဉ်းဆဲတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။ |
23. | အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့် ပြောခြင်းငှာ၊ ဇါရောမင်း ထံသို့ ဝင်သည်နေ့မှစ၍၊ သူသည် ဤလူမျိုးကို ညှဉ်းဆဲပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏ လူတို့ကို အလျှင်းကယ်လွှတ်တော်မမူပါဟု လျှောက်၏။ |
← Exodus (5/40) → |