← Exodus (37/40) → |
1. | တဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာ ရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ၏။ သေတ္တာပေါ်နား ပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်လေ၏။ |
2. | တဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာ ရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ၏။ သေတ္တာပေါ်နား ပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်လေ၏။ |
3. | ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာနှစ်ကွင်းစီတပ်လေ၏။ |
4. | အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊ |
5. | သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်း၌ လျှိုထားလေ၏။ |
6. | အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ ရှိသော သေတ္တာအဖုံးကိုလည်း၊ ရွှေစင်နှင့်လုပ်လေ၏။ |
7. | ရွှေခေရုဗိမ်နှစ်ပါးကိုလည်း၊ သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်လေ၏။ |
8. | ထိုသို့ ခေရုဗိမ်နှစ်ပါးကို၊ သေတ္တာဖုံးကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊ |
9. | ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးလျက် ရှိ၏။ |
10. | အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း၊ အကာရှသားနှင့် လုပ်၍၊ |
11. | ရွှေစင်နှင့် မွမ်းမံလေ၏။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊ |
12. | အနံတလက်ဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်လေ၏။ |
13. | ရွှေလေးကွင်းကိုလည်း သွန်း၍ ခြေထောက်လေးခုအထက်၊ စားပွဲလေးထောင့်၌ တပ်လေ၏။ |
14. | ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်၏။ |
15. | စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့် မွမ်းမံလေ၏။ |
16. | စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။ |
17. | မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုလေ၏။ |
18. | မီးခုံတိုင် တဘက် တချက် သုံးလက်စီ ထွက်၍၊ အလက်ခြောက်လက်ရှိ၏။ |
19. | မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက်ရှိ၏။ |
20. | မီးခုံတိုင်၌လည်းဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ၏။ |
21. | မီးခုံတိုင်ထဲက ထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီရှိ၏။ |
22. | ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်း ဖြစ်စေ၍ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်လေ၏။ |
23. | မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့် လုပ်လေ၏။ |
24. | မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ရွှေစင်အခွက်တဆယ်နှင့် လုပ်သတည်း။ |
25. | တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ၏။ ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍ အမြင့်နှစ်တောင်ရှိလေ၏။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေ၏။ |
26. | ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ကွပ်သော ရွှေတန်ဆာကို လုပ်လေ၏။ |
27. | ရွှေတန်ဆာအောက် ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ပလ္လင်ထမ်းစာရာ ထမ်းဘိုးနေရာဖြစ်၏။ |
28. | ထမ်းဘိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံလေ၏။ |
29. | ဆေးသမားအတတ်နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်းသော လိမ်းရန်နံ့သာဆီကို ၎င်း၊ နံ့သာမျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာပေါင်းစင်ကို၎င်း လုပ်လေ၏။ |
← Exodus (37/40) → |