| ← Exodus (36/40) → | 
| 1. | ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဘို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သော ဉာဏ်ပညာကို ထာဝရဘုရား ပေးသွင်းတော်မူသော ပညာရှိအပေါင်း တို့နှင့်တကွ၊ ဗေဇလေလ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။ | 
| 2. | တဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကို၎င်း၊ ထာဝရဘုရားပေးတော်မူသော ဉာဏ် သဘောကို ရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကို၎င်း ခေါ်ပြီးလျှင်၊ | 
| 3. | သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင်စေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ ဆောင်ခဲ့သော အလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှ ခံကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်း ထပ်၍ ဆောင်ခဲ့ကြသေး၏။ | 
| 4. | ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီး မိမိလုပ်ရာမှ၊ | 
| 5. | မောရှေထံသို့ လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ ဆောင်ခဲ့ကြ ပါပြီဟု ကြားပြောလျှင်၊ | 
| 6. | မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့ လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့် ဟု စီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။ | 
| 7. | ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကို ပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။ | 
| 8. | သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော သူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။ | 
| 9. | ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။ | 
| 10. | ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ၏။ | 
| 11. | ကုလားကာတထည် ပြင်ဘက်ကုလားကာ နားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။ | 
| 12. | ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာအနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို ၎င်း လုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။ | 
| 13. | ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော် တဆောင်တည်းဖြစ်လေ၏။ | 
| 14. | တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာ ဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်လေ၏။ | 
| 15. | ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍ ကုလားကာဆယ်တထည်တို့သည် အလျားအနံချင်း တူ၏။ | 
| 16. | ကုလားကာငါးထည်တစပ်၊ ခြောက်ထည်တစပ်တည်း ချုပ်လေ၏။ | 
| 17. | ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း လုပ်လေ၏။ | 
| 18. | ကြေးဝါချောင်းငါးဆယ်ကိုလည်း လုပ်၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။ | 
| 19. | အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသော သိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်လေ၏။ | 
| 20. | တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။ | 
| 21. | ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။ | 
| 22. | ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။ | 
| 23. | တဲတော်တောင်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊ | 
| 24. | ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက် နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်လေ၏။ | 
| 25. | ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊ | 
| 26. | ထိုပျဉ်ပြား၌လည်း ငွေခြေစွပ် လေးဆယ်၊ တပြားနှစ်ခုစီ လုပ်လေ၏။ | 
| 27. | တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊ | 
| 28. | ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြား နှစ်ပြားကို၎င်း လုပ်လေ၏။ | 
| 29. | အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။ | 
| 30. | ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိလေ၏။ | 
| 31. | တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို၊ တဘက်ငါးချောင်းစီ လုပ်လေ၏။ | 
| 32. | တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့၊ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်လေ၏။ | 
| 33. | အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ ဆုံးစေ၏။ | 
| 34. | ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။ | 
| 35. | တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊ | 
| 36. | ထိုကုလားကာဘို့ ရွှေချသော အကာရှသားတိုင်လေးတိုင်ကို၎င်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။ | 
| 37. | တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသော အထည်၊ နီသော အထည် ပိတ်ချောဖြင့် ပြီး၍ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊ | 
| 38. | ထိုကုလားကာဘို့ တံစို့နှင့် ပြည့်စုံသော တိုင်ငါးတိုင်ကို၎င်း လုပ်၍၊ တိုင်ထိပ်နှင့်တိုင်တန်တို့ကို ရွှေနှင့် မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ၏။ | 
| ← Exodus (36/40) → |