← Exodus (34/40) → |
1. | တဖန် ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။ |
2. | နက်ဖြန်နံနက်သင်သည် အသင့်နေလျက်၊ သိနာတောင်ပေါ်သို့ တက်၍ တောင်ထိပ်၌ ငါ့ရှေ့မှာကိုယ်ကို ပြလော့။ |
3. | သင်နှင့်အတူ အဘယ်သူမျှ မတက်ရ။ တောင်တပြင်လုံး၌ လူကို မထင်ရှားစေနှင့်။ တောင်ခြေရင်း ၌ သိုးနွားတို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။ |
4. | ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ၍ ထိုကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်သို့ တက်လေ၏။ |
5. | ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာရပ်လျက်၊ ထာဝရ ဘုရား၏နာမတော်ကို ကြွေးကြော်တော်မူ၏။ |
6. | ထာဝရဘုရားသည် မောရှေရှေ့၌ ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနား ခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ |
7. | အထောင်အသောင်းများသောသူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီး သက်သက် ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။ |
8. | မောရှေသည် အလျင်အမြန် ဦးညွှတ်ချ၍ ကိုးကွယ်လျက်။ |
9. | အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာတို့ သိမ်းယူတော် မူပါဟုလျှောက်လျှင်၊ |
10. | ထာဝရဘုရားက၊ ကြည့်ရှုလော့။ ငါပဋိညာဉ်ပြု၏။ မြေကြီးပေါ်မှာ လူမျိုး၌ မပြုစဖူးသော အံ့ဘွယ်သောအမှုတို့ကို သင်၏လူမျိုးရှေ့မှာ ငါပြုမည်။ သင်တို့အဘို့ ငါထာဝရဘုရား ပြုရသောအမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်ကြောင်းကို သင်ပေါင်းဘော်သော လူအပေါင်းတို့သည် မြင်ရကြလိမ့်မည်။ |
11. | ယနေ့ငါမှာထားသော စကားကို မှတ်လော့။ သင့်ရှေ့မှာ အာမောရိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကို ငါနှင်ထုတ်မည်။ |
12. | သင်သည် ယခုသွားသော ပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သင့်အလယ်၌ တိုက်မိ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ၊ ကိုယ်ကိုကိုယ်သတိပြုလော့။ |
13. | သူတို့ယဇ်ပလ္လင်များကို ဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့ အာရှရပင် များကို ခုတ်လှဲရမည်။ |
14. | အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ၏။ |
15. | သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိဿဟာယ ဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကို ပြ၍၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ၊ သင့်ကို ခေါ်၍သင်သည် ထိုယဇ်ကောင်ကို စားမည်ဟူ၍ ၎င်း၊ |
16. | သင်သည် သူတို့ သမီးများကိုယူ၍၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ ဘုရားနှင့် မှားယွင်းခြင်းကို ပြု၍ သင်၏သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။ |
17. | သင်သည် ကိုယ်အဘို့ သွန်းသော ဘုရားတို့ကို မလုပ်ရ။ |
18. | သင်သည် အဗိဗလ၌ အဲဂုတ္တုပြည်မှ ထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စား၍ အဇုမပွဲကို ခံရမည်။ |
19. | သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည်။ |
20. | မရွေးလိုလျှင်၊ မြည်းသငယ်၏လည်ပင်းကို ချိုးရမည်။ သင်၏သားဦးအပေါင်းတို့ကို ရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။ |
21. | ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေရမည်။ လယ်လုပ်ရာ ကာလ၊ အသီးအနှံသိမ်းရာကာဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေရမည်။ |
22. | ဂျုံစပါးကို သိမ်းစရှိသည်ကာလခုနစ်သိတင်းပွဲကို၎င်း၊ နှစ်လဲသောအခါ သိုထားပွဲကို၎င်း ခံရမည်။ |
23. | သင်တို့ အမျိုးသား ယောက်ျားအပေါင်းတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရအရှင်ဘုရား သခင့်ရှေ့တော်၌ တနှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည်။ |
24. | တပါးအမျိုးသားများကို သင်တို့ရှေ့က ငါနှင်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါ ကျယ်စေမည်။ သင်၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တနှစ်တွင် သုံးကြိမ် မျက်နှာပြသွားသောအခါ၊ သင်၏မြေကို အဘယ်သူမျှ မတပ်မက်ရ။ |
25. | ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့် ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင် မကြွင်းစေရ။ |
26. | သင်၏မြေ၌ အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင်၏ ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။ |
27. | ဤစကားများကို ရေးထားလော့။ ဤစကားများလာသည် အတိုင်း သင်မှစ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအား မိန့်တော်မူ၏။ |
28. | ထိုအရပ်မှာ မောရှေသည် အစာကို မစား၊ ရေကို မသောက်ဘဲ။ အရက်လေးဆယ်ပတ်လုံး ထာဝရ ဘုရားအထံတော်၌ နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော် မူ၏။ |
29. | မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေ ထွန်းပကြောင်းကို မိမိမသိ။ |
30. | အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မောရှေကို မြင်သောအခါ၊ သူ၏မျက်နှာ အရေထွန်းပသောကြောင့်၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ။ |
31. | မောရှေသည် သူတို့ကို ခေါ်၍၊ အာရုန်နှင့် ပရိသတ်သူကြီးတို့သည် ချဉ်းကပ်ကြလျှင်၊ မောရှေသည် နှုတ်ဆက်လေ၏။ |
32. | ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်ကြလျှင်၊ သိနာတောင်ပေါ်မှာ ထာဝရ ဘုရားမိန့်တော်မူသမျှတို့ကို သူတို့အား ဆင့်ဆိုလေ၏။ |
33. | မောရှေသည် သူတို့အား ဟောပြော၍ မပြီးမှီ မိမိမျက်နှာကို ဖုံးအုပ်လေ၏။ |
34. | ထာဝရဘုရားရှေ့တော်သို့ ဝင်၍လျှောက်သောအခါ၊ မထွက်မှီတိုင်အောင် မျက်နှာဖုံးကို ချွတ်ထား၏။ တဖန် ထွက်၍ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို၏။ |
35. | သူ၏မျက်နှာအရေ ထွန်းပကြောင်းကို ဣသရေလအမျိုးသားတို့သည် မြင်ကြလျှင်၊ တဖန် အထဲသို့ ဝင်၍ မလျှောက်မှီတိုင်အောင် မိမိမျက်နှာကို ဖုံးအုပ်ပြန်၏။ |
← Exodus (34/40) → |