← Exodus (31/40) → |
1. | တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊ |
2. | နားထောင်လော့၊ ငါသည် ယုဒအမျိုးသား ဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။ |
3. | သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ်၊ ကျောက်ကို သွေး၍ စီသောအတတ်၊ |
4. | သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊ |
5. | ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။ |
6. | သူနှင့်အတူ ဒန်အမျိုးသား အဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကို ငါသွင်းထားပြီ။ |
7. | ထိုသူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကို၎င်း၊ |
8. | စားပွဲနှင့် စားပွဲတန်ဆာကို၎င်း၊ စင်ကြယ်သော မီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို၎င်း၊ နံ့သာပေါင်း ရှို့သော ပလ္လင်၊ |
9. | မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ |
10. | အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန် နှင့် သူ၏သားဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို၎င်း၊ |
11. | လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌ သုံးဘို့ နံ့သာပေါင်းမွှေးကို၎င်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြ မည်ဟု မိန့်တော်မူ၏။ |
12. | တဖန်ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ |
13. | ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရ ကြမည်။ |
14. | ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသောကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။ |
15. | ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည်သည်ကား၊ ဧကန်အမှန် အသေခံရမည်။ |
16. | သို့ဖြစ်၍ ဣသရေလအမျိုးသားအစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ |
17. | ထိုသို့ စောင့်လျှင်၊ ငါနှင့် ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို၊ ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။ |
18. | ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။ |
← Exodus (31/40) → |