← Exodus (3/40) → |
1. | မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ် ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တော နောက်ဘက်သို့ ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ ရောက်လေ၏။ |
2. | ထိုအခါ ဘုရားသခင်၏ ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည် ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲ ရှိသည်ကို မြင်လျှင်၊ |
3. | အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ကြည့်ရှုမည်ဟုဆို၏။ |
4. | မောရှေသွား၍ ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေဟု ချုံထဲက ခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။ |
5. | ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသော မြေဖြစ်သည်ဟူ၍၎င်း၊ |
6. | ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍၎င်း မိန့်တော်မူ၏။ မောရှသည် ဘုရားသခင်ကိုမကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။ |
7. | ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်း ဝေဒနာကို ငါသိ၏။ |
8. | သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည် စီးတတ်သော ပြည်သို့ ပို့ဆောင်ခြင်းငှါ ငါဆင်းလာပြီ။ |
9. | ယခုတွင်လည်း ဣသရေလအမျိုးသားတို့ ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည် ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။ |
10. | ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် မည်အကြောင်း၊ သင့်ကိုဖါရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။ |
11. | မောရှေကလည်း၊ အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍၊ ဖါရောဘုရင်ထံသို့ ဝင်သဖြင့်၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အား လျှောက်လျှင်၊ |
12. | ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ ငါသည် သင့်ကိုစေလွှတ်ခြင်း လက္ခဏာသက်သေဟူမူကား၊ သင်သည်ထို လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
13. | မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ ရှိရာသို့ရောက်၍၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်သည် ငါ့ကိုသင်တို့ ရှိရာသို့ စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏ နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန်၍ မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ၏။ |
14. | ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟူ၍၎င်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့ဟူ၍၎င်း၊ မောရှေ အားမိန့်တော်မူ၏။ |
15. | တဖန်ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည်၊ ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။ |
16. | သွား၍ဣသရေလအမျိုးအသက်ကြီးသူတို့ကို စုဝေးစေပြီးလျှင်၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အားထင်ရှားတော် မူလျက်၊ အကယ်စင်စစ် သင်တို့ကို ငါအကြည့်အရှုလာ၍၊ အဲဂုတ္တုပြည်၌ သင်တို့အားပြုသောအမှုကို ငါမြင်ပြီ။ |
17. | အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကို ငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါဂတိရှိသည်ဟု မိန့်တော်မူပြီဟု သူတို့အား ပြောလော့။ |
18. | သူတို့သည် သင်၏စကားကိုနားထောင်၍၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက်၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူ ပြီ။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ တောသို့ သုံးရက်ခရီးသွားရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်ရမည်။ |
19. | အဲဂုတ္တုရှင်ဘုရင်သည် ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင်၊ သွားရသော အခွင့်ကို သင်တို့အား မပေးကြောင်းကို ငါသိ၏။ |
20. | ငါသည်လည်း လက်ကိုဆန်၍၊ အဲဂုတ္တုပြည်ထဲ၌ ငါပြုလတံ့သော ငါ၏အံ့ဘွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကို ဒဏ်ခတ်မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင်တို့ကို လွှတ်လိမ့်မည်။ |
21. | ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ၌ မျက်နှာရသော အခွင့်ကို ငါပေး၍၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်း မသွားရကြ။ |
22. | အကြောင်းမူကား၊ မိန်းမတိုင်းမိမိအိမ်နီးချင်း၊ မိမိအိမ်မှာ တည်းသောသူ၌ ငွေတန်ဆာ၊ ရွှေတန်ဆာနှင့် အဝတ်တန်ဆာများကို တောင်း၍၊ သင်တို့သားသမီးများကို တန်ဆာဆင်စေသဖြင့်၊ အဲဂုတ္တုလူတို့၏ဥစ္စာကို လုယူ ကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။ |
← Exodus (3/40) → |