← Exodus (28/40) → |
1. | သင်၏ အစ်ကိုအာရုန်သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့်သူ၏ သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။ |
2. | သင်၏အစ်ကိုအာရုန်၌ဘုန်း အသရေ ထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသော အဝတ်ကို လုပ်၍ပေး ရမည်။ |
3. | အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသော အခွင့်ရှိ၍၊ သူ့ကို သန့်ရှင်းစေခြင်းငှါ၊ ငါပေးသော ဉာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကို လုပ်ရမည် အကြောင်း မှာထားရမည်။ |
4. | လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗေါင်း၊ ခါးပန်းတည်း ဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှါ၊ |
5. | ရွှေနှင့်ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ယူရမည်။ |
6. | ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်းစွာ လုပ်ရမည်။ |
7. | သိုင်းကြိုးနှစ်ပင်ရှိ၍၊ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်ရမည်။ |
8. | သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာ သောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို၎င်း လုပ်ရမည်။ |
9. | ရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတဆယ်နှစ်မျိုးကို၊ |
10. | အသက်အကြီးအငယ် အလိုက်၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာ တင်ရမည်။ |
11. | တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ဣသရေလအမျိုး၏ နာမည် တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။ |
12. | ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ သူတို့နာမည်များကို အာရုန် သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။ |
13. | ကျောက်အိုးတို့ကို ရွှေနှင့်လုပ်ရမည်။ |
14. | အဆုံးနှင့်တပ်ရသော ကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍ လုပ်ပြီးမှ ကျောက်အိုး၌ တွဲရမည်။ |
15. | ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ဗျာဒိတ် ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။ |
16. | နှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်း လေးထောင့် ဖြစ်ရမည်။ |
17. | ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်းစီရမည်။ ပဌမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊ |
18. | ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊ |
19. | တတိယအတန်းကား၊ ဝှါကိန္တုမဟူရာ၊ ဂေါ်မိတ်။ |
20. | စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီရမည်။ |
21. | ဣသရေလအမျိုး တဆယ်နှစ်မျိုး ရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက် တို့၌၊ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက်၊ |
22. | ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည်။ |
23. | ရင်ဖုံးအပေါ် ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကို၎င်း၊ |
24. | ကျစ်သော ရွှေကြိုးနှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌ တပ်၍၊ |
25. | သင်တိုင်း သိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲရမည်။ |
26. | တဖန် ရွှေနှစ်ကွင်းကိုလုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု၌ တပ်ရမည်။ |
27. | အခြားသော ရွှေနှစ်ကွင်းကိုလည်း လုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်း အပေါ်နားဆက်မှီရာတွင်၊ သင်တိုင်းကိုယ် တဘက်တချက်၌ တပ်ရမည်။ |
28. | ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်း ရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ ရင်ဖုံးကို ထူးဆန်းသော ရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။ |
29. | အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ်ဌာနတော်ထဲသို့ ဝင်သောအခါ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှါ၊ ဗျာဒိတ်ရင်ဖုံး၌ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာ ဆောင်ရမည်။ |
30. | ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည်။ |
31. | သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို၊ ပြာသောအထည်နှင့်သာ လုပ်ရမည်။ |
32. | ဝတ်လုံ၌ လည်စွပ်ပါ၍ လည်စါပ်ကို မစုပ်စေခြင်းငှါ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည် နှင့် ကွပ်ရမည်။ |
33. | ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်သော သလဲသီးများကို၎င်း၊ ရွှေ ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊ |
34. | သလဲသီးတလုံး၊ ရွှေဆည်းလည်းတလုံးစီခြားလျက်၊ |
35. | အစဉ်အတိုင်း ဆွဲထားရမည်။ အာရန်သည် အမှုတော်ကို ဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲ မှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကို ဝတ်၍ သူ၏ အသံကို ကြားရမည်။ |
36. | ရွှေစင်သင်းကျစ်ကိုလည်း လုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း ခြင်းဟု အက္ခရာတင်၍၊ |
37. | ပြာသောကြိုးနှင့်ဗေါင်းရှေ့၌ ချည်ထားရမည်။ |
38. | အာရုန်သည် ထိုသင်းကျပ်ကို နဖူး၌ ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အလှူ ဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏ စိတ်တော်နှင့် တွေ့ခြင်းငှါ၊ အာရုန်၏ နဖူး၌ အစဉ်ဆင်ရမည်။ |
39. | ပိတ်ချောအင်္ကျီကိုလည်း လုပ်၍ ချယ်လှယ်ရမည်။ ဗေါင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကို လည်း ချယ်လှယ်သော အလုပ်နှင့် ပြီးစေရမည်။ |
40. | အာရုန်၏သားတို့ ဘုန်းအသရေကို ထင်ပေါ်စေခြင်းငှါ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကို လုပ်ပေးရမည်။ |
41. | ထိုသို့ သင်၏ အစ်ကိုအာရုန်နှင့် သူ၏သားတို့ကို ဝတ်ဆင်စေပြီးမှ၊ သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ၌ ခန့်ထား၍ သန့်ရှင်း စေရမည်။ |
42. | သူတို့၌ရှက်စရာအကြောင်း၊ မထင်မပေါ်စေခြင်းငှါ၊ ခါးမှပေါင်သို့အထိ ပိတ်ပေါင်းဘီကို ချုပ်၍ ပေးရမည်။ |
43. | အာရုန်နှင့်သူ၏သားတို့သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သော်၎င်း၊ သန့်ရှင်းရာ အရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော်၎င်း၊ အပြစ်ရောက်၍ မသေစေခြင်းငှါ ထိုသို့ ဝတ်ရမည်။ အာရုန်မှစ၍ သူ၏အမျိုး အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။ |
← Exodus (28/40) → |