← Exodus (27/40) → |
1. | တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့်လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။ |
2. | ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံရမည်။ |
3. | ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည်။ |
4. | ကြေးဝါ ဆန်ခါကို၎င်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို၎င်း လုပ်ပြီးလျှင်၊ |
5. | ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ ထားရမည်။ |
6. | ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊ |
7. | ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက် ကွင်းများ၌ လျှိုထားရမည်။ |
8. | တောင်ပေါ်မှာ သင့်အား ပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်ရမည်။ |
9. | တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်ရမည်။ |
10. | ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့် ပြီးစေရမည်။ |
11. | ထိုနည်းတူ၊ မြောက်ဘက်၌ ကာရန် အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါထိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။ |
12. | ဝင်းအနောက်ဘက် အနံ၌ ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။ |
13. | ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။ |
14. | တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ |
15. | ခြေစွပ်သုံးခုရှိရမည်။ |
16. | ဝင်းတံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။ |
17. | ဝင်းပတ်လည်၌ တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။ |
18. | ဝင်းသည် အလျားအတောင်တရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့်ကြေးဝါ ခြေစွပ်ဖြင့် ပြီးရမည်။ |
19. | အမှုတော်ထမ်းဘို့ တဲတော်အသုံးအဆောင်ရှိသမျှကို၎င်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကို၎င်း ကြေးဝါနှင့်လုပ်ရမည်။ |
20. | ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ် မီးထွန်းစရာဘို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသား တို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။ |
21. | အာရုန်နှင့် သူ၏သားတို့သည်၊ ညဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း။ |
← Exodus (27/40) → |