← Exodus (26/40) → |
1. | တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည်။ |
2. | ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံ တူရမည်။ |
3. | ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။ |
4. | ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာ ပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။ |
5. | ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ် ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။ |
6. | ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော် တဆောင်တည်း ဖြစ်ရမည်။ |
7. | တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။ |
8. | ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။ |
9. | ကုလားကာငါးထည် တစပ်၊ ခြောက်ထည် တစပ်တည်း ချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ ခေါက်ထားရမည်။ |
10. | ကုလားကာများ ဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ၊ ကွင်းငါးဆယ်ကို ၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။ |
11. | ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ ကွင်းတို့၌ လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲသဖြင့်၊ တဲတဆောင်တည်း ဖြစ်ရမည်။ |
12. | ထိုအပေါ်တဲ၌ ပိုသော ကုလားကာ တဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။ |
13. | အပေါ်တဲ၌ပိုသော ကုလားကာ အလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည်။ |
14. | အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်ရမည်။ |
15. | တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။ |
16. | ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာ ရှိရမည်။ |
17. | ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။ |
18. | တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည်။ |
19. | ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည်။ |
20. | ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည်။ |
21. | ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီရှိရမည်။ |
22. | တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊ |
23. | ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်ရမည်။ |
24. | အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။ |
25. | ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီ ရှိရမည်။ |
26. | တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။ |
27. | တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်ရမည်။ |
28. | အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။ |
29. | ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။ |
30. | တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။ |
31. | တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာတထည်ကို ချုပ်ရမည်။ |
32. | ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေခြေစွပ်လေးခုနှင့်၎င်း ပြည့်စုံရမည်။ |
33. | သက်သေခံချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ်ရမည်။ |
34. | ဟဂျာဟဂျုံ အရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။ |
35. | ကုလားကာပြင်မှာ စားပွဲကို ထားရမည်။ တဲတောင်တောင်ဘက်နားမှာ မီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည်။ |
36. | တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည်။ |
37. | ထိုကုလားကာဘိုပ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။ |
← Exodus (26/40) → |