← Exodus (25/40) → |
1. | ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊ |
2. | ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကို ခံရမည်။ |
3. | ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ |
4. | ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး။ |
5. | အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။ |
6. | လိမ်းရန်ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊ |
7. | ရှဟံကျောက်၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကို ခံရမည်။ |
8. | ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။ |
9. | ငါပြသမျှသော တဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်။ |
10. | အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာရှိသော သေတ္တာကို၊ အကာရှသား နှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံရမည်။ |
11. | သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။ |
12. | ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာ နှစ်ကွင်းစီ တပ်ရမည်။ |
13. | အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊ |
14. | သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။ |
15. | ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်အစဉ် ရှိစေရမည်။ |
16. | ငါပေးသော သက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာ ထားရမည်။ |
17. | အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။ |
18. | ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်ရမည်။ |
19. | ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊ |
20. | ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးရမည်။ |
21. | သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည်။ |
22. | ထိုအရပ်၌ ငါသည် သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာ သင်နှင့် နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။ |
23. | အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့် လုပ်၍၊ |
24. | ရွှေစင်နှင့် မွမ်းမံရမည်။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊ |
25. | အနံလက်တဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်ရမည်။ |
26. | ရွှေလေးကွင်းကိုလည်း လုပ်၍၊ ခြေထောက်လေးခု အထက်စားပွဲလေးထောင့်၌ တပ်ရမည်။ |
27. | ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာဖြစ်ရမည်။ |
28. | စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ |
29. | စားပွဲနှင့်ဆိုင်သော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည်။ |
30. | ငါ့ရှေ့၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည်။ |
31. | မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုရမည်။ |
32. | မီးခုံတိုင်တဘက်တချက်သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိရမည်။ |
33. | မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက် တလက်၌ ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက် ရှိရမည်။ |
34. | မီးခုံတိုင်၌လည်း ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည်။ |
35. | မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီ ရှိရမည်။ |
36. | ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်းဖြစ်စေ၍၊ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်ရမည်။ |
37. | မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကို လင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။ |
38. | မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည်။ |
39. | မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက်တဆယ်နှင့် လုပ်ရမည်။ |
40. | တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။ |
← Exodus (25/40) → |