← Exodus (22/40) → |
1. | လူသည် သိုးနွားကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတကောင်အတွက် နွားငါးကောင် ကို၎င်း၊ သိုးတကောင်အတွက် သိုးလေးကောင်ကို၎င်း ပြန်ပေးရမည်။ |
2. | သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတပါးတွေ့၍ သေအောင်သတ်သော်လည်း၊သေစား မသေစေရ။ |
3. | သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။ |
4. | သူခိုးလက်၌ ခိုးသောနွား၊ သိုးကို အသက်ရှင်လျှက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။ |
5. | သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်၎င်း၊ မိမိတိရိစ္ဆာန်ကို သူ့လယ်၌ ထိန်းကျောင်းသော်၎င်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။ |
6. | မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်း ရှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။ |
7. | လူတဦးသည် အိမ်နီးချင်းတဦး၌ ရွှေငွေအစရှိသော ဥစ္စတစုံတခုကို အပ်နှံ၍၊ အပ်နှံခံသော သူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကို တွေ့မိသောအခါ နှစ်ဆလျော်စေ။ |
8. | သူခိုးကို မတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော မယူလောဟု ဘုရားသခင့် ရှေ့တော်၌ အစစ်ခံရမည်။ |
9. | သူ့ဥစ္စာကို ပြစ်မှားသည် အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစ ရှိသော ပျောက်သော ဥစ္စာတစုံတခုကို တွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆိုလျှင်၊ အမှုသည် နှစ်ဦးတို့သည် ဘုရားသခင် ရှေ့တော်၌အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။ |
10. | လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန် သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍သွားသော်၎င်း၊ |
11. | အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။ |
12. | သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည်။ |
13. | သားရဲကိုက်လျှင် သက်သေဘို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။ |
14. | လူသည် အိမ်နီးချင်း၌ တစုံတခုကို ငှါး၍ ဥစ္စာရှင်မပါဘဲ သေသော်၎င်း၊ ထိခိုက်၍ နာသော်၎င်း၊ အမှန်လျော်ရမည်။ |
15. | ဥစ္စာရှင်ပါလျှင်၊ ငှါးသောသူသည် မလျော်ရ။ အခနှင့် ငှါးလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည်။ |
16. | မပေးစားလိုသော အပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍ သင့်နေလျှင်၊ ကန်တော့ဥစ္စာကို ပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။ |
17. | မိန်းမ၏အဘ သဘောမတူမပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။ |
18. | စုန်းမကို အသက်ရှင်စေခြင်းငှါ အခွင့်မပေးရ။ |
19. | တိရစ္ဆာန်နှင့်သင့်နေသော သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ |
20. | ထာဝရဘုရားမှတပါး အခြားသော ဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။ |
21. | တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။ |
22. | မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ။ |
23. | နှောင့်ရှက်ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကို အမှန်ကြား၍၊ |
24. | ငါအမျက်ပြင်းစွာ ထွက်လျှက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုတ်ဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။ |
25. | ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင်၊ အတိုးစားသော သူကဲ့သို့ သူ၌မပြု၊ အတိုးကို မတောင်းရ။ |
26. | အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ ပေါင်ထားလျှင်၊ မိုဃ်းမချုပ်မှီ ပြန်ပေးရမည်။ |
27. | အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ်နိုင်သနည်း။ ငါ့အား အော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသော သဘောရှိ၏။ |
28. | ဘုရားသခင်ကို လွန်ကျူး၍ မပြောရ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကို မကျိန်ဆဲရ။ |
29. | အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသော သားယောက်ျားကိုလည်း ငါ့အား ဆက်ကပ်ရမည်။ |
30. | ထိုနည်းတူ သိုးနွားတို့ကို ပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အား ဆက်ကပ်ရမည်။ |
31. | သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူ ဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကို မစားရ။ ခွေးတို့အား ပစ်ပေးရမည်။ |
← Exodus (22/40) → |