← Exodus (21/40) → |
1. | ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလအမျိုးသားတို့၌ စီရင်ရသော ဓမ္မသတ်ဟူမူကား၊ |
2. | ဟေဗြဲအမျိုးဖြစ်သောကျွန်ကို ဝယ်လျှင်၊ ခြောက်နှစ်သာ အစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက် သော်၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည်။ |
3. | ကျွန်ခံစက တယောက်တည်းခံလျှင်၊ တယောက်တည်းထွက်ရမည်။ လင်မယားနှစ်ယောက်ခံလျှင်၊ မယားနှင့်တကွ ထွက်စေရမည်။ |
4. | သို့မဟုတ် သခင်ပေးစားသောမယားရှိ၍ ထိုမယားသည် သားသမီးကို ဘွားမြင်လျှင်၊ မယားနှင့် သားသမီးတို့ကို သခင်ပိုင်ရမည်။ ကျွန်မူကား၊ တယောက်တည်းထွက်ရမည်။ |
5. | သို့မဟုတ် ကျွန်က၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါ ဟု အတည့်အလင်းပြောဆိုလျှင်၊ |
6. | သခင်သည် ဘုရားသခင်ရှေ့တော်သို့၎င်း၊ အိမ်တံခါးတိုင်သို့၎င်း ဆောင်ယူ၍၊ နားရွက်ကို စူးဖြင့် ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲ ကျွန်ခံရမည်။ |
7. | အဘသည် သမီးကို ကျွန်ခံစေခြင်းငှာ ရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည် မဟုတ်။ |
8. | သခင်သည် ထိုမိန်းမကို သိမ်းယူ၍ မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိ သောကြောင့်၊ တပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။ |
9. | မိမိသား၌ ပေးစားလျှင်မူကား၊ သမီးကဲ့သို့ ပြုစုရမည်။ |
10. | အခြားမိန်းမကို သိမ်းပြန်လျှင်၊ အရင်သိမ်းသော မိန်းမ၏ အဝတ်အစားနှင့် မယားဝတ်ကို မလျှော့ရ။ |
11. | ထိုသုံးပါးကို မပြုလျှင်၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည်။ |
12. | လူကို အသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ |
13. | အသေသတ်မည် အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင် အပ်တော်မူလျှင်၊ ပြေးရသော အရပ်ကို ငါခန့်ထားမည်။ |
14. | အိမ်နီးချင်းကို သတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍ သတ်ရမည်။ |
15. | မိဘကို အသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ |
16. | လူကို ခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ |
17. | မိဘကို ကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ |
18. | လူချင်းခိုက်ရန် ပြု၍ တယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်၎င်း၊ |
19. | တဖန်ထ၍ တောင်ဝေးနှင့်သွားလျှင်၎င်း၊ ရိုက်သောသူကို အပြစ်လွှတ်ရမည်။ သို့ရာတွင် နာသော သူသည် အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှါ ကုသရသည်အတွက်၊ ငွေကို လျော်ရမည်။ |
20. | သခင်သည် ကျွန်ယောက်ျားကျွန်မိန်းမကို ဒုတ်နှင့်ရိုက်၍ထိုကျွန်သေလျှင်၊ သခင်သည် လေးသော ဒဏ်ကို ခံရမည်။ |
21. | သို့ရာတွင် ကျွန်သည် တရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထိုကျွန်ကို ပိုင်သောကြောင့် ဒဏ်နှင့် လွတ်ရမည်။ |
22. | လူချင်းခိုက်ရန် ပြုကြ၍၊ ကိုယ်ဝန်ဆောင်သော မိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသော အနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကို လျော်ရမည်။ |
23. | အခြားသော အနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊ |
24. | မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း၊ |
25. | မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို၎င်း၊ ရှနခြင်းအတွက် ရှနခြင်းကို၎င်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို၎င်း ခံရမည်။ |
26. | သခင်သည် ကျွန်ယောက်ျား ကျွန်မိန်းမ၏ မျက်စိကို ပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက် လွှတ်ရမည်။ |
27. | ထိုအတူ ကျွန်ယောက်ျား ကျွန်မိန်းမ၏ သွားကို ကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက် လွှတ်ရမည်။ |
28. | နွားသည် လူယောက်ျားမိန်းမကို ခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့် ပစ်၍ သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။ |
29. | ၎င်းနည်းနွားသည် အထက်က ခွေ့ဘူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင် အလွတ်ထား၍၊ နွားသည် ယောက်ျားမိန်းမကို သတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကို လည်း အသေသတ်ရမည်။ |
30. | သို့မဟုတ် ငွေလျော်စေဟု စီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဘိုးကို လျော်ရမည်။ |
31. | သူတပါး၏ သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်း ခံရမည်။ |
32. | ကျွန်ယောက်ျားကျွန်မိန်းမကို ခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကို လျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့် ပစ်သတ်ရမည်။ |
33. | လူသည် တွင်းကို ဖွင့်၍ ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏ မြင်း၊ နွားသည် ထိုတွင်း၌ကျလျှင်၊ |
34. | တွင်းရှင်သည် မြင်း၊ နွားအဘိုးကို လျော်၍ အသေကောင်ကို ယူရမည်။ |
35. | အကြင်သူ၏ နွားသည်၊ သူတပါး၏ နွားကို အသေခွေ့လျှင်၊နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကို ရောင်း၍ အဘိုးကို ဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။ |
36. | ၎င်းနည်းနွားသည် အထက်က ခွေ့ဘူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ် ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတကောင်အတွက် တကောင်ကို အမှန်လျော်ရမည်။ |
← Exodus (21/40) → |