← Exodus (2/40) → |
1. | ထိုကာလ၌ လေဝိအမျိုးသားတယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊ |
2. | မိန်းမသည် ပဋိသန္ဓေယူသဖြင့် သားယောက်ျားကို ဘွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင်၊ သုံးလပတ်လုံး ဖွက်ထားလေ၏။ |
3. | နောက်တဖန် ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေး ဖြင့် လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။ |
4. | သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ အဝေး၌ ရပ်နေလေ၏။ |
5. | ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှါ ဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌ လှည့်လည်စဉ်၊ ကိုင်းတော၌ ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ်လေ၏။ |
6. | ပုခက်ဖုံးကို ဖွင့်သောအခါ၊ ငိုလျက်နေသော သူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟု ဆိုပြီးသော်၊ |
7. | သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကို ထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ ခေါ်ရ ပါမည်လောဟု ဖာရောဘုရင်၏ သမီးတော်အား မေးလျှောက်၍၊ |
8. | မင်းသမီးက သွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။ |
9. | ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကို ယူသွား၍ ငါ့ဘို့ ထိန်းလော။ အခကို ငါပေးမည်ဟု မှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကို ယူသွား၍ ထိန်းလေ၏။ |
10. | သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏ သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ ခန့်ထားလျက်၊ မောရှအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနှုတ်ယူသည်ဟု ဆိုသတည်း။ |
11. | မောရှေသည် ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့ သွား၍ သူတို့အမှုထမ်းရသောအခြင်း အရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊ |
12. | ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌ မြှုပ်ထားလေ ၏။ |
13. | နက်ဖြန်နေ့၌ ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကို မြင်လျှင်၊ သင်သည် သင်၏အပေါင်းအဘော်ကို အဘယ်ကြောင့် ရိုက်သနည်းဟု ညှဉ်းဆဲသောသူအား မေးသည်ရှိသော်၊ |
14. | ထိုသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း။ အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟု ပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှု ထင်ရှားပြီဟု သိ၍ကြောက်လေ၏။ |
15. | ထိုသိတင်းကို ဖါရောဘုရင်ကြားသောအခါ၊ မောရှေကို သတ်ခြင်းငှါ ရှာကြံလေ၏။ မောရှေသည် ဖါရောဘုရင်ထံမှ ထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာ ထိုင်၍နားနေလေ၏။ |
16. | ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏ သမီးညီအစ်မ ခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏ သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ၍ ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။ |
17. | သိုးထိန်းအချို့တို့လည်း လာ၍ သိုးဆိတ်များကို မောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကို ရေတိုက်လေ၏။ |
18. | ထိုမိန်းမတို့သည် အဘရွေလထံသို့ ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန် ရောက်လာရကြသနည်းဟု မေးလေ၏။ |
19. | သူတို့ကလည်း၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကို သိုးထိန်းတို့လက်မှ ကယ်နှုတ်၍၊ ရေ လိုသမျှကို ခပ်သဖြင့်၊ သိုးဆိတ်များကို ရေတိုက်ပါသည်ဟု ပြန်ပြော၏။ |
20. | အဘကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာ စားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။ |
21. | မောရှေသည် ထိုသူထံမှာနေ၍ ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။ |
22. | ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ငါသည်တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။ |
23. | ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့ အစေကျွန်ခံ၍ငိုကြွေးသော အသံသည် ဘုရား သခင်ထံတော်သို့ တက်ရောက်လေ၏။ |
24. | သူတို့ ညည်းတွားမြည်တမ်းခြင်း အသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပြုခဲ့ဘူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။ |
25. | ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကို ကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။ |
← Exodus (2/40) → |