← Exodus (19/40) → |
1. | ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ တတိယလ တရက်နေ့၌ သိနာတောသို့ ရောက်ကြ၏။ |
2. | ရေဖိဒိမ်အရပ်က ထွက်သွားပြီးမှ သိနာတောသို့ ရောက်၍၊ ထိုတော၌ တောင်ရှေ့မှာ တပ်ချကြ၏။ |
3. | မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်က ခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား၊ |
4. | ငါသည် အဲဂုတ္တုလူတို့၌ ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဘို့ သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။ |
5. | ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။ |
6. | သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ |
7. | မောရှေသည် ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကို ခေါ်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူ သော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။ |
8. | လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီ တညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။ |
9. | ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည် ကြား၍ အစဉ်အမြဲ သင့်ကို ယုံမည်အကြောင်း၊ မိုဃ်းတိမ်တိုက်၌ သင့်ဆီသို့ ငါလာမည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏ စကားတော်ကို လူများတို့အား ပြန်ပြောလေ၏။ |
10. | ထာဝရဘုရားကလည်း လူတို့ရှိရာသို့ သွား၍၊ ယနေ့နှင့်နက်ဖြန်၌ သူတို့ကို သန့်ရှင်းစေလော့။ သူတို့အဝတ်ကို လျှော်စေ၍၊ |
11. | သုံးရက်မြောက်သောနေ့၌ အသင့်ရှိနေစေလော့။ အကြောင်းမူကား၊ သုံးရက်မြောက်သောနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့ရှေ့၊သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။ |
12. | လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့ မတက်၊ တောင်ခြေရင်းကို မထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကို ထိမိသောသူမည်သည်ကား၊ ဧကန်အမှန် အသေခံစေ။ |
13. | ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရ ကြမည်ဟု မောရှေအား မိန့်တော်မူ၏။ |
14. | မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကို လျှော်ကြ၏။ |
15. | မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အား ဆိုလေ၏။ |
16. | သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။ |
17. | မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။ |
18. | ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏။ |
19. | တံပိုးမြည်သံသည် ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည် ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ၏။ |
20. | ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။ |
21. | ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။ |
22. | ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ၏။ |
23. | မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့ မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌ စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအား ပြန်လျှောက်လေ၏။ |
24. | ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့်အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရားထံသို့ တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကို ဒဏ်ခတ်တော်မူမည် ဟု မိန့်တော်မူ၏။ |
25. | မောရှေသည်လည်း လူများတို့ရှိရာသို့ ဆင်း၍ ကြားပြောလေ၏။ |
← Exodus (19/40) → |