← Exodus (18/40) → |
1. | ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏ လူဣသရေလအမျိုးအဘို့ ပြုတော်မူသမျှကို၎င်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ ယောက္ခမ ယေသရော ကြားသည်ရှိသော်၊ |
2. | မောရှေလွှတ်ခဲ့သော မယားနှင့် |
3. | သူ၏သားနှစ်ယောက်ကို ယူ၍ သွားလေ၏။ သားတယောက်ကား၊ ဂေရရှုံ အမည်ရှိ၏။ အကြောင်းမူကား၊ ငါသည် တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း။ |
4. | သားတယောက်ကား၊ ဧလျေဇာ အမည်ရှိ၏။ အကြောင်းမူကား၊ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်သည် ငါ့ကို မစ၍ ဖာရောဘုရင်၏ ထားမှ ကယ်လွှတ်တော်မူပြီဟု ဆိုသတည်း။ |
5. | မောရှေ၏ ယောက္ခမ ယေသရောသည် မောရှေမယားနှင့် သားတို့ကို ယူ၍၊ တော၌ ဘုရားသခင်၏ တောင်တော်နား၊ မောရှေတပ်ချရာအရပ်သို့ ရောက်လာလျှင်၊ |
6. | ကိုယ်တော်၏ယောက္ခမ ယေသရောနှင့် ကိုယ်တော်၏ မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ ရောက်လာပါပြီဟု မောရှေအား ကြားပြောသော်၊ |
7. | မောရှေသည် ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာ ထွက်၍ ဦးချနမ်းရှုပ်လျက်၊ ကျန်းမာကြောင်းကို တယောက်နှင့်တယောက် မေးမြန်းလျက် တဲသို့ဝင်ကြ၏။ |
8. | ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့၌ ပြုတော်မူသမျှကို ၎င်း၊ လမ်းခရီးတွင် ခံရသော ဆင်းရဲဒုက္ခအလုံးစုံကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ်တော်မူ ကြောင်းကို၎င်း၊ မောရှေသည် ယောက္ခမအား ကြားပြောလေ၏။ |
9. | ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ပြုတော်မူသော ကျေးဇူးကြောင့် ယေသရောသည် ဝမ်းမြောက်လျက်၊ |
10. | အဲဂုတ္တုလူတို့လက်မှ၎င်း၊ ဖာရောဘုရင်လက်မှ၎င်း၊ သင့်ကို ကယ်နှုတ်တော်မူထသော၊ လူများတို့ကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ |
11. | ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှတို့ထက် သာ၍ ကြီးမြတ်တော်မူကြောင်းကို ယခု ငါသိ၏။ အကြောင်းမူကား၊ လူတို့သည် မာနထောင်လွှားသော အမှုအရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ၊ |
12. | မောရှေ၏ ယောက္ခမ ယေသရောသည်၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဘို့ ယဇ်များကို ဆောင်ခဲ့၍၊ အာရုန်နှင့် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည်၊ မောရှေ၏ ယောက္ခမနှင့်အတူ ဘုရားသခင့် ရှေ့တော်၌ အစာစားခြင်းငှာ လာကြ၏။ |
13. | နက်ဖြန်နေ့၌ မောရှေသည်၊ လူများကို တရားစီရင်ခြင်းငှာ ထိုင်လေ၏။ နံနက်မှစ၍ ညဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာ နေကြ၏။ |
14. | မောရှေသည် လူများတို့အား ပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှု အဘယ်သို့နည်း။ သင်သည် တယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ ညဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟု ဆို၏။ |
15. | မောရှေကလည်း၊ ဤသူတို့သည် ဘုရားသခင်၏ အယူတော်ကို ခံလို၍ ကျွန်ုပ်ထံသို့ လာသောကြောင့် ဤသို့ဖြစ်၏။ |
16. | သူတို့သည် အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ ပညတ်တရားများကို သင်ချရ၏ဟု ယောက္ခမအား ပြောလျှင်၊ |
17. | ယောက္ခမက၊ သင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏။ |
18. | သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန် အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန်လေး၏။ တယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။ |
19. | ငါ့စကားကို နားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့် မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သော အမှု၌ လူများတို့၏ အမှုကို စောင့်လျက် ဘုရားသခင်အထံတော်သို့ ဝင်၍ လျှောက်ရမည်။ |
20. | သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့သွားရာလမ်း၊ ပြုရသောအမှုကိုလည်း ပြရမည်။ |
21. | ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကို ရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထားရမည်။ |
22. | ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏အယူကို ခံကြစေ။ ငယ်သောအမှုကို အလိုလို စီရင်ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်းသဖြင့် သင်သည် သက်သာလိမ့်မည်။ |
23. | ထိုသို့ ဘုရားသခင် အခွင့်နှင့်ပြုလျှင် သင်သည် ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည် သို့ ငြိမ်ဝပ်စွာ သွားကြလိမ့်မည်ဟု ပြောဆို၏။ |
24. | မောရှေသည်လည်း ယောက္ခမ၏စကားကို နားထောင်၍ စကားရှိသည်အတိုင်း ပြုလျက်၊ |
25. | တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲက ရွေးကောက်၍ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ် အသီးအသီး ခေါင်းအရာ၌ ခန့်ထားလေ၏။ |
26. | ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကို တရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကို ခံကြ၏။ လွယ်သောအမှုကို အလိုလို စီရင်ကြ၏။ |
27. | ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကို ပေး၍၊ သူသည် မိမိနေရာသို့ သွားလေ၏။ |
← Exodus (18/40) → |