← Exodus (16/40) → |
1. | တဖန် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှ ထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ ဒုတိယလ ဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင် စပ်ကြားမှာ သိန်တောသို့ ရောက်ကြ၏။ |
2. | ထိုတော၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က၊ |
3. | ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်း တို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။ |
4. | ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကို ရွာစေမည်။ လူတို့သည် နေ့တိုင်းထွက်၍ တနေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်း ကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကို ငါစုံစမ်းမည်။ |
5. | နေ့တိုင်းသိမ်းယူသော အရာထက်၊ ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကို သိမ်းယူ၍ ပြင်ရကြမည်ဟု မောရှေအား မိန့်တော်မူ၏။ |
6. | မောရှေနှင့် အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ သည်ဟု ယနေ့ ညဦးယံ၌ သင်တို့ သိကြလိမ့်မည်။ |
7. | နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ၏။ |
8. | တဖန်လည်းမောရှေက၊ ထာဝရဘုရားသည် ညဦးယံ၌သင်တို့စားစရာအမဲသားကို၎င်း၊ နံနက်ယံ၌ ဝလောက်အောင် မုန့်ကို၎င်းပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသောအသံကို ထာဝရဘရားကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်း။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကို မထိမခိုက်၊ ထာဝရဘုရားကို ထိခိုက်သည်ဟု ဆိုလေ၏။ |
9. | တဖန်သင်တို့သည် အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည် ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊ |
10. | အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့ မြော်ကြည့်၍၊ မိုဃ်းတိမ်၌ ထင်ရှားသော ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြ၏။ |
11. | ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ။ |
12. | ညဦးယံ၌ သင်တို့သည် အမဲသားကို စားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့် ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့က ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။ |
13. | ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြား တက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည် အရပ်ရပ်တွင် နှင်းကျလျက်ရှိ၏။ |
14. | နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ်လေ၏။ |
15. | ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တယောက်ကို တယောက် မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရာဘို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။ |
16. | လူတိုင်း မိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီ၊ လူအသီးအသီးစားလောက်အောင် တယောက် တဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ |
17. | ဣသရေလအမျိုးသားတို့သည် ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။ |
18. | ဩမဲတောင်းနှင့် ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီး တို့သည် စားလောက်အောင် သိမ်းယူကြ၏။ |
19. | မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှ မကျန်စေနှင့်ဟု ဆိုသော်လည်း၊ |
20. | အချို့တို့သည် မောရှေစကားကို နားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍ နံလေသော်၊ မောရှေသည် အမျက်ထွက်၏။ |
21. | ထိုသူ အသီးအသီးတို့သည် နေ့တိုင်း မိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါ အရေဖြစ်လေ၏။ |
22. | ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တယောက်နှစ်ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအား ကြားပြောလေ၏။ |
23. | သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရသောနေ့ ဖြစ်၏။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့။ ကျန်သောအရာ ကို နံနက်တိုင်အောင် စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ |
24. | မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင် သိုထားကြ၏။ နံခြင်းနှင့် ကင်းလွတ်၏။ ပိုးလည်းမရှိ။ |
25. | မောရှေကလည်း၊ ကျန်သောအရာကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ယနေ့တွင် ထိုအရာကို တော၌ မတွေ့ရ။ |
26. | ခြောက်ရက်ပတ်လုံး သိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟု ဆိုလေ၏။ |
27. | ခုနစ်ရက်မြောက်သောနေ့၌၊ အချို့တို့သည် သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍ မတွေ့ရကြ။ |
28. | ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြ လိမ့်မည်နည်း။ |
29. | ထာဝရဘုရားသည် ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကို ပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌ နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။ |
30. | ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။ |
31. | ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့် ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။ |
32. | မောရှေကလည်း၊ သင်တို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အား ကျွေးသော မုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဘို့ သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ |
33. | တဖန် အာရုန်ကိုလည်း၊ အိုးတလုံးကို ယူ၍ မန္နတဩမဲကို အပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုး အစဉ်အဆက်ဘို့ စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟု ဆို၍၊ |
34. | မောရှေကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာ သိုထားလေ၏။ |
35. | ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့ မရောက်မှီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကို စားကြ၏။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္နကို စားကြ၏။ |
36. | ဩမဲမူကား၊ ဧဖာဆယ်စုတစုဖြစ်သတည်း။ |
← Exodus (16/40) → |