← Exodus (15/40) → |
1. | ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကား ဟူမူကား၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ |
2. | ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင် ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင် ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။ |
3. | ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ၏။ |
4. | ဖာရောဘုရင်၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ရွေးသော ဗိုလ်မင်းတို့သည်၊ ဧဒုံပင်လယ်ထဲ၌ မြုပ်လျက်ရှိကြ၏။ |
5. | နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ၏။ |
6. | အို ထာဝရဘုရား၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။ |
7. | ကိုယ်တော် တဘက်၌ ထသောသူတို့ကို၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကို လွှတ်၍၊ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။ |
8. | နှာခေါင်းတော်လေအားဖြင့် ရေသည် စုဝေး၍၊ စီးသောရေသည် ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ၌ပင် နက်သောရေသည် တောင့်မာလျက်နေရ၏။ |
9. | ရန်သူက၊ ငါလိုက်မည်။ သူတို့ကို မှီလိမ့်မည်။ လုယူသောဥစ္စာကို ဝေ၍ သူတို့၌ ငါချင်ရဲပြေလိမ့်မည်။ ထားကို အိမ်မှ ထုတ်၍ သူတို့ကို ငါ့လက်နှင့် ဖျက်ဆီးမည်ဟု ဆိုသတည်း။ |
10. | ကိုယ်တော်သည် လေကို မှုတ်တော်မူသဖြင့်၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး၍ သူတို့သည် အားကြီးသောရေထဲမှာ ခဲကဲ့သို့ ဆင်းကြလေ၏။ |
11. | အို ထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကို ခံစဉ်တွင်၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။ |
12. | လက်ျာလက်တော်ကို ဆန့်တော်မူသဖြင့်၊ သူတို့ကို မြေမြှုပ်လေ၏။ |
13. | ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။ |
14. | လူမျိုးတို့သည် သိတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။ |
15. | ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့ သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။ |
16. | အို ထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ရွေးတော်မူသော ကိုယ်တော်၏လူတို့ သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။ |
17. | အို ထာဝရဘုရား၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။ |
18. | ထာဝရဘုရားသည် ကာလအစဉ်အမြဲ စိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ၏။ |
19. | အကြောင်းမူကား၊ ဖာရောဘုရင်၏ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင်၍၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကို လွှမ်းမိုးစေတော်မူ၏။ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၏။ |
20. | အာရုန်၏ အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကို ကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက် လိုက်သွားကြ၏။ |
21. | မိရိအံကလည်း၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီဟု သူတို့နှင့် အသံပြိုင်၍ ဆိုလေ၏။ |
22. | ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှ ဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကို မတွေ့မရကြ။ |
23. | မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကို မာရဟု သမုတ်ကြသတည်း။ |
24. | လူများတို့သည် မောရှေကို အပြစ်တင်၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟု ဆိုကြ၏။ |
25. | မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တပင်ကို ပြတော်မူ၏။ ထိုအပင်ကို ရေထဲသို့ ချပြီးလျှင်၊ ရေသည် ချိုလေ၏။ ထိုအရပ်၌ သူတို့ကို စုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊ |
26. | သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူ သောအကျင့်ကို ကျင့်လျှင်၎င်း၊ ပညတ်တရားတော်အလိုသို့ လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎င်း၊ ငါသည် အဲဂုတ္တုလူတို့၌ စွဲစေသော ရောဂါတစုံတခုကိုမျှ သင်တို့၌ မစွဲစေ။ ငါသည် သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ |
27. | ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း၊ စွန်ပလွံပင် ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက်၍၊ ထိုအရပ်တွင် ရေရှိရာအနားမှာ တပ်ချကြ၏။ |
← Exodus (15/40) → |