← Exodus (14/40) → |
1. | ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် လည်၍၊ ပိဟဟိရုတ်မြို့နား၊ |
2. | မိဂဒေါလမြို့နှင့် ပင်လယ်စပ်ကြား၊ ဗာလဇေဖုန်မြို့ရှေ့မှာ တပ်ချစေခြင်းငှာ မှာလိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ်ကမ်းနားမှာ တပ်ချရကြမည်။ |
3. | အကြောင်းမူကား၊ ဖာရောဘုရင်က၊ ဣသရေလအမျိုးသားတို့သည် ကျဉ်းကျုပ်ရာသို့ ရောက်ကြပြီ။ တောလမ်းပိတ်လျက်ရှိ၏ဟု ဆိုလိမ့်မည်။ |
4. | ငါသည်လည်း၊ ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။ |
5. | ထိုလူတို့ထွက်ပြေးကြောင်းကို၊ အဲဂုတ္တုရှင်ဘုရင်အား ကြားရှောက်သဖြင့်၊ သူမှစ၍ ကျွန်များတို့သည် မနာလိုသောစိတ် ဖောက်ပြန်လျှင်၊ ငါတို့သည် ဤသို့ပြု၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့် လွှတ်ရသနည်းဟု ပြောဆိုကြ၏။ |
6. | ထိုအခါ ဖာရောဘုရင်သည်၊ ရထားတော်ကို ပြင်၍၊ မိမိလူအပေါင်းတို့ကို ခေါ်လေ၏။ |
7. | ရွေးသော ရထားခြောက်ရာ၊ အဲဂုတ္တုမြင်းစီးသူရဲအပေါင်းနှင့်တကွ၊ ဗိုလ်မင်းအသီးအသီးတို့ကို ခေါ်ယူလေ၏။ |
8. | ထာဝရဘုရားသည်၊ ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသား တို့ကို လိုက်လေ၏။ သို့သော်လည်း၊ ဣသရေလလူတို့သည် ဝါကြွားသောအခြင်းအရာနှင့် ထွက်သွားကြ၏။ |
9. | ထိုသို့ ဖာရောဘုရင်၏ မြင်းတော်၊ ရထားတော်၊ မြင်းစီးသူရဲဗိုလ်ပါ၊ အဲဂုတ္တုလူအပေါင်းတို့သည် လိုက်၍ ပိဟဟိရုတ်မြို့နား၊ ဗာလဇေဖုန်မြို့ရှေ့၌ ပင်လယ်ကမ်းနားမှာ တပ်ချလျက်နေသော ဣသရေလလူတို့ကို မှီကြ၏။ |
10. | ဖာရောဘုရင်သည် ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသားတို့သည် မြော်ကြည့်၍၊ အဲဂုတ္တုလူတို့ စစ်ချီလာကြောင်းကို မြင်လျှင်၊ အလွန်ကြောက်လန့်၍ ထာဝရဘုရားအား အော်ဟစ်ကြ၏။ |
11. | မောရှေကိုလည်း၊ အဲဂုတ္တုပြည်၌ သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှာ ငါတို့ကို ဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ပြု၍၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ |
12. | ငါတို့သည် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံနေလျက် ရှိကြပါစေဟု အဲဂုတ္တုပြည်၌ ငါတို့ပြောရာတွင်၊ ဤအမှုကို ရည်ဆောင်၍ ပြောသည်မဟုတ်လော။ ငါတို့သည် ဤတော၌ သေရသည်ထက်၊ အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံလျှင် သာ၍ကောင်းသည်ဟု ဆိုကြ၏။ |
13. | မောရှေကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို၊ နောက်တဖန် အလျှင်းမမြင်ရကြ။ |
14. | သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အား ဆို၏။ |
15. | ထာဝရဘုရားကလည်း၊ အဘယ်ကြောင့် ငါ့ကို အော်ဟစ်သနည်း။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာ မှာလိုက်လော့။ |
16. | သင်မူကား၊ လှံတံကို ချီပြီးလျှင်၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍ ပင်လယ်ရေကို ခွဲလော့။ ဣသရေလ အမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားရကြမည်။ |
17. | ငါသည်လည်း အဲဂုတ္တုလူတို့၏ နှလုံးကို ခိုင်မာစေသဖြင့်၊ သူတို့သည် လိုက်ကြလိမ့်မည်။ ဖာရောဘုရင်နှင့် သူ၏ဗိုလ်ခြေ၊ ရထား၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်။ |
18. | ထိုသို့ ဖာရောဘုရင်နှင့် သူ၏ရထားများ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။ |
19. | ထိုအခါ ဣသရေလတပ်ရှေ့မှာသွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌ လိုက်သဖြင့်၊ မိုဃ်းတိမ်တိုင်သည် သူတို့ရှေ့ကရွှေ့၍ နောက်၌ ရပ်နေလေ၏။ |
20. | ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ ရောက်လျှင်၊ အဲဂုတ္တုလူတို့၌ မိုက်သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကို ပေးလျက်နေသဖြင့်၊ တညဉ့်လုံး တပ်တဦးနှင့်တဦး မချဉ်းနိုင်ရာ။ |
21. | မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ ထာဝရဘုရားသည် တညဉ့်လုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။ |
22. | ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၍၊ ရေသည် သူတို့ လက်ျာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။ |
23. | အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့ လိုက်ဝင်ကြ၏။ |
24. | နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ရှက်တော်မူ၏။ |
25. | သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟု ပြောဆိုကြ၏။ |
26. | ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ |
27. | မိုဃ်းလင်းသောအခါ၊ မောရှေသည် လက်ကို ပင်လယ်ပေါ်မှာ ဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ် အလယ်၌ လှဲတော်မူ၏။ |
28. | ထိုသို့ ပင်လယ်ရေသည် ပြန်လာ၍၊ ပင်လယ်ထဲသို့ လိုက်ဝင်သော ဖာရောဘုရင်၏ ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးသဖြင့်၊ တစုံတယောက်မျှ မကျန်ရစ်ရ၊ |
29. | ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွား၍၊ ရေသည် သူတို့လက်ျာ ဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။ |
30. | ထိုသို့ ထာဝရဘုရားသည် ထိုနေ့၌ ဣသရေလလူတို့ကို၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့်၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူ အသေကောင်တို့ကို မြင်ရကြ၏။ |
31. | ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည် မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ ကျွန်မောရှေကို ယုံကြည်ကြ၏။ |
← Exodus (14/40) → |