← Exodus (13/40) → |
1. | မောရှေကို ခေါ်၍ ဣသရေလအမျိုးသားတို့တွင် အဦးဘွားသောသူ၊ |
2. | လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဘို့ သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။ |
3. | မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကို မစားရ။ |
4. | အဗိဗလ၊ ယနေ့၌ပင် သင်တို့သည် ထွက်လာကြပြီ။ |
5. | သင်တို့အားပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ ဟိတ္တလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည်။ |
6. | ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရား အဘို့ ပွဲခံရကြမည်။ |
7. | တဆေးမပါသောမုန့်ကို စားရသော ခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေ သောအရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။ |
8. | ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့် ဤသို့ပြုရ၏ဟု ထိုနေ့၌ သားမြေးတို့အား ကြားပြောရမည်။ |
9. | ထာဝရဘုရား၏ တရားသည်၊ သင်၏နှုတ်၌ တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌ လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဘို့ရာ ဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ။ |
10. | ထို့ကြောင့် စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။ |
11. | သင်တို့၌၎င်း၊ ဘိုးဘေး၌၎င်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကို ပို့ဆောင်၍၊ ထိုပြည်ကို ပေးသနားတော်မူသောအခါ၊ |
12. | သင်တို့၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဘို့ အသီးအခြား ခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။ |
13. | မြည်းမ၌ အဦးဘွားသော မြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ် လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။ |
14. | နောင်ကာလ၌ သင်၏သားကလည်း၊ အဘယ်သို့နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ၏။ |
15. | ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည်။ |
16. | ဤအရာသည်လည်း၊ သင်၏လက္ခဏာ သက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ၏။ |
17. | ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို ရှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကို တွေ့မြင်သောအခါ စိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။ |
18. | ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့် ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသော တပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။ |
19. | အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာ တော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ် ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ ယူဆောင်လေ၏။ |
20. | တဖန် သူတို့သည် သုကုတ်အရပ်မှ ထွက်သွား၍ တောအနား၊ ဧသံမြို့၌ စားခန်းချကြ၏။ |
21. | သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့် ၎င်း၊ ညဉ့်၌ကား၊ အလင်းပေးဘို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့က ကြွတော်မူ၏။ |
22. | နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။ |
← Exodus (13/40) → |