← Exodus (12/40) → |
1. | ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊ |
2. | ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပဌမလဖြစ်ရမည်။ |
3. | သင်တို့သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား၊ ဤလဆယ်ရက် နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တအိမ်ထောင်လျှင် သိုးသငယ်တကောင်စီ ယူရမည်။ |
4. | အိမ်ထောင်ငယ်၍ သိုးသငယ်တကောင်နှင့် မတန်လျှင်၊ နီးစပ်သော အိမ်နီးချင်းနှင့် စပ်ဘက်၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင်၊ တကောင်ကို စားလောက်သောသူများကို ထောက်၍ သိုးသငယ် တကောင်ကို ယူရမည်။ |
5. | သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသော အကောင်သည် အပြစ်မပါ၊ အခါမလည်သော အထီးဖြစ်ရမည်။ |
6. | ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ၊ ညဦးအချိန်၌ ဣသရေလအမျိုး အစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။ |
7. | သိုးသငယ်၏အသားကို စားရသောအိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌၊ သိုးသငယ်၏အသွေးကို ယူ၍ ထိုးရမည်။ |
8. | အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညဉ့်ခြင်းတွင် တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။ |
9. | အသားစိမ်းသည်ဖြစ်စေ၊ ရေနှင့်ပြုတ်သည်ဖြစ်စေ မစားရ။ ခေါင်း၊ ခြေထောက်၊ အသည်း၊ နှလုံး စသည်တို့နှင့်တကွ၊ မီးကင်ပြီးမှ စားရမည်။ |
10. | နံနက်တိုင်အောင် ထိုအသားကို မကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။ |
11. | အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကို စည်းလျက်၊ ခြေနင်းကို စီးလျက်၊ တောင်ဝေးကို ကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။ |
12. | အကြောင်းမူကား၊ ယနေ့ညဉ့်တွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏ သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကို ဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ ဘုရားတို့ကို တရားစီရင်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။ |
13. | သိုးသငယ်၏ အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကို ငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည် ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။ |
14. | ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအား ပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကို အစဉ်အမြဲ ခံရကြမည်။ |
15. | ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားရမည်။ ပဌမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပဌမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။ |
16. | ပဌမနေ့၌၎င်း၊ ခုနစ်ရက်နေ့၌၎င်း၊ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ လူတိုင်း စားခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ။ |
17. | ထိုအဇုမပွဲကိုခံရသော အကြောင်းဟူမူကား၊ ထိုနေ့ရက်၌ သင်တို့ ဗိုလ်ခြေများကို၊ အဲဂုတ္တုပြည်ထဲက ငါနှုတ်ဆောင်သည်ဖြစ်၍၊ ထိုအကြောင်းကြောင့် ပညတ်တော်ရှိသည်အတိုင်း၊ သင်တို့၏အမျိုးအစဉ်အဆက် မပြတ် ထိုနေ့ရက်ကို အမြဲစောင့်ရကြမည်။ |
18. | ပဌမလဆယ်လေးရက်နေ့ညဦးမှစ၍ နှစ်ဆယ်တရက်နေ့ ညဦးတိုင်အောင်၊ သင်တို့သည် တဆေး မပါသောမုန့်ကို စားရကြမည်။ |
19. | ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ၌ တဆေးမရှိရ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ တကျွန်းတနိုင်ငံသားဖြစ်စေ၊ ပြည်သားဖြစ်စေ၊ ဣသရေလအမျိုး ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရမည်။ |
20. | သင်တို့နေရာအရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာ စားရမည်ဟု မိန့်တော်မူ၏။ |
21. | ထိုအခါ မောရှေသည် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များ အသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကို ယူ၍ ပသခါပွဲဘို့ သတ်ကြလော့။ |
22. | ဟုဿုပ်ပင်ညွန့်တစည်းကို ယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင် နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက် မသွားရ။ |
23. | အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူ မည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ရှိသော အသွေးကို မြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကို ဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။ |
24. | သင်တို့နှင့် သင်တို့၏သားများ၌ ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲ စောင့်ရကြမည်။ |
25. | ဂတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားပေးတော်မူလတံ့သောပြည်သို့ သင်တို့သည် ရောက်ကြ သောအခါ ဤဝတ်ကို ပြုရမည်။ |
26. | သင်တို့၏ သားမြေးတို့က၊ ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းကြလျှင်၊ |
27. | ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား၏ ပသခါယဇ် ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင်၊ ထိုသူတို့သည် ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။ |
28. | ထိုသို့ မောရှေနှင့် အာရုန်တို့ကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ သည် ပြုကြ၏။ |
29. | သန်းခေါင်အချိန်၌၊ ထာဝရဘုရားသည် နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍ ထောင်ထဲမှာ အချုပ်ခံရသော သူ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ သားဦးရှိသမျှကို၎င်း၊ တိရစ္ဆာန်တို့၏ သားဦးရှိသမျှကို ၎င်း ဒဏ်ခတ်တော်မူ၏။ |
30. | ထိုညဉ့်တွင်၊ ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ အဲဂုတ္တုလူများတို့သည် ထကြ၍၊ အသေကောင် ကင်းသောအိမ်တအိမ်မျှ မရှိသောကြောင့်၊ အဲဂုတ္တုပြည်၌ ကြီးစွာသော ငိုကြွေးခြင်း ဖြစ်လေ၏။ |
31. | ထိုညဉ့်ခြင်းတွင် မောရှေနှင့် အာရုန်ကို ခေါ်တော်မူလျှင်၊ သင်တို့မှစ၍ ဣသရေလအမျိုးသားတို့၊ ထ၍ ငါ့လူစုထဲက ထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအား သွား၍ ဝတ်ပြုကြလော့။ |
32. | သင်တို့တောင်းသည်အတိုင်း သိုးနွားများကို ယူ၍ သွားကြလော့။ ငါ့ကိုလည်း ကောင်းကြီးပေးကြလော့ဟု မိန့်တော်မူ၏။ |
33. | အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။ |
34. | ထိုလူတို့သည် တဆေးမရောသေးသော မုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွ ထုပ်၍ ထမ်းကြ၏။ |
35. | မောရှေစီရင်သည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာ များကို အဲဂုတ္တုလူတို့၌ တောင်းကြ၏။ |
36. | တောင်းသည်အတိုင်းလည်း၊ ပေးချင်သောစေတာစိတ်ကို အဲဂုတ္တုလူတို့အား ထာဝရဘုရား ပေးတော်မူ သဖြင့်၊ အဲဂုတ္တုလူတို့၏ ဥစ္စာများကို လုယူကြ၏။ |
37. | ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကို မဆိုဘဲ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက်မြို့မှ ထွက်၍ သုကုတ်အရပ်သို့ ခရီးသွားကြ၏။ |
38. | အမျိုးမျိုးသော လူအများတို့သည်လည်း၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။ |
39. | တဆေးမရောဘဲ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော မုန့်စိမ်းကိုယူ၍၊ တဆေးမပါသောမုန့်ကို ဖုတ်ရကြ၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ မနွှဲမဖင့် အနှင်ခံရသောကြောင့်၊ ကိုယ်စားစရာကို မပြင်မှီကြ။ |
40. | ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်၍၊ တည်နေကြသော ကာလနှစ်ပေါင်း လေးရာသုံးဆယ် ဖြစ်သတည်း။ |
41. | အနှစ်လေးရာသုံးဆယ်စေ့သောနေ့ခြင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့သည်၊ အဲဂုတ္တုပြည် မှ ထွက်သွားကြ၏။ |
42. | အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညဉ့်ကို အထူးသဖြင့် ထာဝရဘုရား၌ စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ်အဆက်မပြတ်စောင့်ရသော ထာဝရဘုရား၏ ညဉ့်ကား၊ ဤသည်ညဉ့်ပေတည်း။ |
43. | ပသခါပွဲတရားဟူမူကား၊ တပါးအမျိုးသားမစားရ။ |
44. | သို့ရာတွင် ငွေနှင့်ဝယ်သော ကျွန်သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးလျှင် စားရ၏။ |
45. | တကျွန်းတနိုင်ငံသားဖြစ်စေ၊ အခစားသောကျွန်ဖြစ်စေ၊ မစားရ။ |
46. | တအိမ်တည်း၌ တကောင်ကိုစားရ၏။ အသားကို အိမ်ပြင်သို့ ယူမသွားရ။ အရိုးကိုလည်း မချိုးရ။ |
47. | ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထိုပွဲကို ခံရကြမည်။ |
48. | သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှာ အလိုရှိလျှင်၊ သူ၌ရှိသော ယောက်ျားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည်သားကဲ့သို့ ဖြစ်သောကြောင့်၊ ချဉ်း၍ ထိုပွဲသို့ဝင်စေ။ အရေဖျားလှီးမင်္ဂလာကို မခံသောသူမည်သည်ကား၊ ထိုပွဲ၌ ဝင်၍ မစားရ။ |
49. | အမျိုးသားချင်းဖြစ်သောသူ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ တပါးတည်းသောတရားနှင့် ဆိုင်ကြ၏ဟု ထာဝရဘုရားသည် မောရှေနှင့် အာရုန်၌ ပညတ်ထားတော်မူ၏။ |
50. | ထိုသို့ မောရှေနှင့်အာရုန်၌ ထာဝရဘုရားပညတ်ထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ပြုကြ၏။ |
51. | ထိုနေ့ခြင်းတွင် ထာဝရဘုရားသည်၊ ဣသရေလအမျိုးသား ဗိုလ်ခြေတို့ကို အဲဂုတ္တုပြည်မှ ဆောင်သွား တော်မူပြီးလျှင်၊ |
← Exodus (12/40) → |