← Exodus (10/40) → |
1. | တဖန် ထာဝရဘုရားက၊ သင်သည် ဖာရောဘုရင်ထံသို့ ဝင်လော့။ ငါသည် ဤနိမိတ်တို့ကို သူရှေ့၌ ပြခြင်းငှာ၎င်း၊ |
2. | အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို၊ သင်၏သားမြေးတို့အား ကြားပြောသဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ၎င်း၊ သူ၏နှလုံး၊ သူ၏ကျွန်တို့နှလုံး ကို ငါခိုင်မာစေပြီဟု မောရှေအား မိန့်တော်မူ၏။ |
3. | မောရှေနှင့် အာရုန်တို့သည်၊ ဖာရောဘုရင်ထံသို့ ဝင်ပြီးလျှင်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရ ဘုရားက၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ် မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်း။ ငါ၏လူတို့ သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကို ပေးလော့။ |
4. | သို့မဟုတ် ငါ၏လူတို့ကို မလွှတ်ဘဲနေလျှင်၊ ကြည့်ရှုလော့။ ကျိုင်းကောင်တို့ကို သင်၏ပြည်သို့ နက်ဖြန် ငါဆောင်ခဲ့မည်။ |
5. | မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကို ဖုံးလွှမ်းကြလိမ့်မည်။ မိုဃ်းသီးမဖျက်၊ သင်တို့၌ ကျန်ကြွင်းသေးသမျှကို၎င်း၊ သင်တို့အဘို့ မြေ၌ ပေါက်သမျှသော အပင်တို့ကို၎င်း စားကြလိမ့်မည်။ |
6. | သင်၏ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည် ကာလမှစ၍၊ ယနေ့တိုင်အောင် မမြင်ဘူးသကဲ့သို့၊ သင်၏အိမ်များ၊ သင်၏ကျွန်တို့အိမ်များ၊ အဲဂုတ္တုလူအပေါင်းတို့၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ လှည့်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။ |
7. | ဖာရောဘုရင်၏ ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှ ကာလပတ်လုံး နှောင့်ရှက်ပါလိမ့် မည်နည်း။ ထိုသူတို့သည် သူတို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင်၊ |
8. | မောရှေနှင့် အာရုန်ကို တဖန် ဖာရောဘုရင်ထံသို့ သွင်းပြန်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်းဟု မေးလျှင်၊ |
9. | မောရှေက၊ အကျွန်ုပ်တို့သည် သူငယ်၊ သူအို၊ သားသမီး၊ သိုး၊ နွားပါလျက် သွားပါမည်။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ ပွဲခံရပါမည်ဟု ပြန်ဆိုလေသော်၊ |
10. | ဖာရောမင်းက၊ သင်တို့နှင့် သူငယ်များကို ငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။ |
11. | ထိုသို့ မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအား ဝတ်ပြုကြသည်ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို အထံတော်မှ နှင်ကြလေ၏။ |
12. | ထာဝရဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ၍ မိုဃ်းသီးမဖျက်၊ မြေပေါ်မှာ ကျန်ရစ်သောအပင် ရှိသမျှတို့ကို စားစေခြင်းငှာ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ |
13. | မောရှေသည် မိမိလှံတံကို အဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညဉ့်ပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကို ဆောင်ခဲ့လေ၏။ |
14. | ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်လုံးကို လွှမ်းမိုး၍၊ ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာ နားသဖြင့် အလွန်များပြားကြ၏။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး၊ နောက်၌လည်း မဖြစ်ရလတံ့။ |
15. | မြေမည်းသည်တိုင်အောင် မြေတပြင်လုံးကို ဖုံးအုပ်၍ တပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုဃ်းသီးနှင့် လွတ်သောသစ်သီး ရှိသမျှကို စားကြသဖြင့်၊ အဲဂုတ္တုပြည်တရှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသောအရာ တစုံတခုမျှ မကျန်ရစ်။ |
16. | ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကို အလျင်အမြန်ခေါ်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင်တို့ကို၎င်း ငါပြစ်မှားပါပြီ။ |
17. | သို့ဖြစ်၍ သည်တခါ ငါ့အပြစ်ကို သည်းခံပါလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ ဤသေဘေးတခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟု ဆိုသည်ရှိသော်၊ |
18. | မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကို တောင်းပန်လေ၏။ |
19. | ထာဝရဘုရားသည် အားကြီးသော အနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကို ဆောင်သွား၍ ဧဒုံပင်လယ်၌ ချပစ်လေ၏။ အဲဂုတ္တုပြည်တရှောက်လုံး၌ ကျိုင်းတကောင်မျှ မကျန်ရစ်။ |
20. | သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။ |
21. | တဖန် ထာဝရဘုရားက၊ အဲဂုတ္တုပြည်တရှောက်လုံး၌ မှောင်မိုက်သာမညမဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ |
22. | မောရှေသည် မိမိလက်ကို မိုဃ်းကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။ |
23. | ထိုအခါ တယောက်ကိုတယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှ မထရကြ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကို ရကြ၏။ |
24. | ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သိုးနွားများကို ထားခဲ့ကြစေ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ၏။ |
25. | မောရှေကလည်း၊ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်စရာဘို့ ယဇ်ကောင်များ၊ မီးရှို့ရာပူဇော်သက္ကာများကို ကိုယ်တော်ပေးရမည်။ |
26. | ကျွန်ုပ်တို့သည် တိရစ္ဆာန်များကို ဆောင်သွားရမည်။ တကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဘို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မှီ မသိပါဟု ဆိုလေသော်၊ |
27. | ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသား တို့ကို မလွှတ်။ |
28. | မောရှေကိုလည်း၊ ငါ့ထံမှ ထွက်သွားလော့။ နောက်တဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကို မြင်သောနေ့၌ သေမည်ဟု မိန့်တော်မူ၏။ |
29. | မောရှေကလည်း၊ မိန့်တော်မူချက်သည် လျောက်ပတ်ပါ၏။ မျက်နှာတော်ကို နောက်တဖန်မမြင်ပါဟု လျှောက်ဆို၏။ |
← Exodus (10/40) → |