← Ephesians (6/6) |
1. | သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ |
2. | မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။ |
3. | မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။ |
4. | အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။ |
5. | အစေခံကျွန်တို့၊ ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက်၊ စိတ်နှစ်ခွ မရှိဘဲ လောကီသခင်၏စကားကို နားထောင်ကြလော့။ |
6. | လူတို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ ခရစ်တော်၏ ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကို စောင့်၍၊ |
7. | လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့။ |
8. | ကောင်းသောအကျင့်ကို ကျင့်သောသူ မည်သည်ကား၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ အကျိုးကိုခံရလိမ့်မည်ဟု သိမှတ်ကြလော့။ |
9. | သခင်တို့၊ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း၍၊ ကိုယ်ကျွန်တို့ကို ထိုနည်းတူပြုကြလော့။ သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ရှိသည်ကို၎င်း၊ ထိုသခင်သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူသည်ကို၎င်း၊ သိမှတ်ကြလော့။ |
10. | ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။ |
11. | မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း၊ ဘုရားသခင်သည်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ |
12. | အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏။ |
13. | ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူ သော လက်နက်စုံကိုယူဆောင်ကြလော့။ |
14. | သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ |
15. | ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်း ဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။ |
16. | မာရ်နတ်ပြစ်ခတ်သော မီစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို လည်းခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။ |
17. | ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။ |
18. | ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့် ရှောက်ကြလော့။ |
19. | ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊ |
20. | သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဘော်ပြခြင်းငှါ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်း အခွင့်ရှိမည်အကြောင်းကို၎င်း၊ ထိုတရားကိုဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းအကို၎င်း၊ ငါ့အဘို့လည်း ဆုတောင်းကြလော့။ |
21. | သင်တို့သည် ငါ၌ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှါ၊ သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဘော်ပြလိမ့်မည်။ |
22. | သင်တို့သည်ငါတို့၏အကြောင်းအရာများကို သိမည်အကြောင်းနှင့်၊ ထိုသူသည်သင်တို့စိတ်နှလုံးကို သက်သာစေမည်အကြောင်း၊ ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်၏။ |
23. | ညီအစ်ကိုတို့၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ် ပေးတော် မူသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာရှိပါစေသော။ |
24. | ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သော သူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ ဧဖက်ဩဝါဒစာပြီး၏။ |
← Ephesians (6/6) |