← Deuteronomy (9/34) → |
1. | အို ဣသရေလအမျိုး၊ နားထောင်လော့။ သင့်ထက်အားကြီး၍ များပြားသော လူမျိုးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ကိုထိသော မြို့ရိုးနှင့် ပြည့်စုံသော မြို့ကြီးတို့ကို၎င်း၊ |
2. | အာနကအမျိုးသားရှေ့မှာ အဘယ်သူရပ်နိုင် သနည်းဟူသော စကားကို သင်ကြား၍၊ သင်သိသော အာနကအမျိုးသားတည်းဟူသော အလွန်ကြီးမြင့်သော လူမျိုးကို၎င်း တိုက်ယူခြင်းငှာ၊ ယခု ယော်ဒန်မြစ် တဘက် သို့ ကူးလုပြီ။ |
3. | သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်ရှေ့မှာ ကြွသဖြင့်၊ လောင်သောမီးကဲ့သို့ ဖြစ်လျက် သူတို့ကို ဖျက်ဆီး၍၊ သင့်မျက်မှောက်၌ နှိမ့်ချတော်မူမည်အကြောင်းကို ယခု သဘောကျလော့။ ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည်။ |
4. | သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ ကို သင့်ရှေ့မှ နှင်ထုတ်တော်မူသောနောက်၊ သင်က၊ ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း၍၊ ဤပြည်ကို အပိုင်ပေးတော်မူသည်ဟူ၍ မအောက်မေ့ရ။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်တော်မူသည်ဟူ၍ စိတ်ထဲမှာ အောက်မေ့ရမည်။ |
5. | သင်ပြုသောကုသိုလ်ကြောင့်၎င်း၊ ဖြောင့်မတ် သော သဘောကြောင့်၎င်း၊ ထိုပြည်ကို သွား၍ ဝင်စားရ မည်မဟုတ်။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့်၎င်း၊ ထာဝရဘုရားသည် သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသော စကားတော်ကို တည်စေလိုသောငှာ၎င်း၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။ |
6. | သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သော ပြည် ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာ သော အမျိုးဖြစ်၏။ |
7. | သင်သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ကို အမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကို မမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ ရောက်သည် တိုင် အောင် ထာဝရဘုရားကို ပုန်ကန်ပြီ။ |
8. | ဟောရပ်အရပ်၌ ထာဝရဘုရားကို အမျက် တော်ထွက်စေသဖြင့်၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ၏။ |
9. | ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သော ပဋိညာဉ် တရားကို ရေးထားသော ကျောက်ပြားတို့ကို ခံယူခြင်းငှာ၊ တောင်ပေါ်သို့ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကို မသောက်ဘဲ တောင်ပေါ် မှာနေလေ၏။ |
10. | သင်တို့သည် စည်းဝေးကြသောနေ့၌ ထာဝရ ဘုရားသည် တောင်ပေါ်မှာ မီးထဲက မြွက်ဆိုတော်မူ သော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသော ကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရား သည် ငါ့အား အပ်ပေးတော်မူ၏။ |
11. | အရက်လေးဆယ်စေ့သောအခါ၊ ထိုပဋိညာဉ် ကျောက်ပြား နှစ်ပြားကို ထာဝရဘုရားသည် ငါ့အား ပေးတော်မူလျှင်၊ |
12. | သင်သည် ထ၍ အလျင်အမြန်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏ လူတို့သည် ဖောက်ပြန်၍၊ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲ၍၊ ရုပ်တုကို သွန်းကြပြီဟု မိန့်တော်မူ၏။ |
13. | တဖန် ထာဝရဘုရားက၊ ဤလူမျိုးကို ငါကြည့် မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။ |
14. | သို့ဖြစ်၍ ငါ့ကိုရှိစေလော့။ သူတို့ကို ငါဖျက်ဆီး မည်။ သူတို့နာမကိုလည်း ကောင်းကင်အောက်မှာ ငါချေ မည်။ သင့်ကိုမူကား၊ သူတို့ထက် အားကြီး၍ များပြား သော အမျိုးဖြစ်စေမည်ဟု ငါ့အား မိန့်တော်မူ၏။ |
15. | ထိုအခါ ငါသည် ပဋိညာဉ်ကျောက်ပြား နှစ်ပြား ကို ကိုင်လျက်၊ လှည့်၍ မီးလောင်သော တောင်ပေါ်က ဆင်းလာ၏။ |
16. | သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား၍၊ နွားသငယ်ရုပ်တုကို သွန်းကြောင်းနှင့် ထာဝရဘုရားမှာထားတော်မူသောလမ်းမှ အလျင်အမြန် လွှဲသွားကြောင်းကို ငါသည် ကြည့်မြင်လျှင်၊ |
17. | လက်နှစ်ဘက်နှင့်ကိုင်သော ကျောက်ပြားတို့ကို ချ၍၊ သင်တို့မျက်မှောက်၌ ငါချိုးဖဲ့၏။ |
18. | သင်တို့သည် ထာဝရဘုရားကို အမျက်တော် ထွက်စေခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသောအပြစ် ရှိသမျှတို့ကြောင့်၊ ငါသည် အရင်ပြုသကဲ့သို့ ထာဝရ ဘုရားရှေ့တော်၌ ပြပ်ဝပ်၍ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကို မသောက်ဘဲနေရ၏။ |
19. | အကြောင်းမူကား၊ ထာဝရဘုရားသည် သင်တို့ ကို ဖျက်ဆီးခြင်းငှာ အလွန်ပြင်းစွာထွက်သော အမျက် တော်အရှိန်ကို ငါကြောက်၏။ သို့ရာတွင် ထာဝရဘုရား သည် ငါ့စကားကို တဖန် နားထောင်တော်မူ၏။ |
20. | ထာဝရဘုရားသည်လည်း၊ အာရုန်ကို ဖျက်ဆီးခြင်းငှါ အလွန်အမျက်ထွက်တော်မူသောကြောင့်၊ အာရုန်အဘို့ကိုလည်း ဆုတောင်းလေ၏။ |
21. | သင်တို့ဒုစရိုက်တည်းဟူသော သင်တို့လုပ်သော နွားသငယ်ကို ငါယူသဖြင့် အရည်ကျို၍၊ အမှုန့်ဖြစ် အောင် ညက်ညက်ချေပြီးလျှင်၊ တောင်ထဲက ထွက်သော ချောင်းရေပေါ်မှာ ချပစ်လေ၏။ |
22. | တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါ အရပ်၌လည်း၊ သင်တို့သည် ထာဝရဘုရားကို အမျက် တော်ထွက်အောင် ပြုကြ၏။ |
23. | ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကို စေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကို မယုံ၊ စကားတော်ကို နားမထောင်ဘဲနေကြ၏။ |
24. | ငါသိကျွမ်းသော နေ့မှစ၍၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ။ |
25. | ထာဝရဘုရားသည် သင်တို့ကို ဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့်၊ ငါသည် အရင်ပြပ်ဝပ်သကဲ့သို့၊ အရက်လေးဆယ်ပတ်လုံး ပြပ်ဝပ်လျက်နေရ၏။ |
26. | ထာဝရဘုရားအားလည်း၊ အိုအရှင် ဘုရားသခင်၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ၍၊ အားကြီးသော လက်တော်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော်၏အမွေဥစ္စာဖြစ်သော ဤလူတို့ ကို ဖျက်ဆီးတော်မမူပါနှင့်။ |
27. | ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့ကို အောက်မေ့တော်မူပါ။ ဤလူမျိုးသည် ခိုင်မာသော သဘောရှိ၍၊ ပြစ်မှားမိသော ဒုစရိုက်အပြစ်ကို မှတ်တော် မမူပါနှင့်။ |
28. | သို့မဟုတ် အကျွန်ုပ်တို့ကို နှုတ်ဆောင်တော်မူသော ပြည်သားတို့က၊ ထာဝရဘုရားသည် ဂတိထားသော ပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှာ မတတ်နိုင်သော ကြောင့်၎င်း၊ သူတို့ကို မုန်းသောကြောင့်၎င်း၊ တော၌ သတ်လိုသောငှာ ထုတ်သွားပြီဟု ဆိုကြပါ လိမ့်မည် တကား။ |
29. | ဤလူတို့သည်ကား၊ မဟာတန်ခိုးတော်နှင့် လက်ရုံးတော်ကို ဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေလူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။ |
← Deuteronomy (9/34) → |