← Deuteronomy (8/34) → |
1. | သင်သည် အသက်ရှင်၍ များပြားမည်အကြောင်း၊ ထာဝရ ဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့ သောငှာ သတိပြုရမည်။ |
2. | သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီး သော အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်တော်မူ သော လမ်းခရီးတရှောက်လုံးကို အောက်မေ့ရမည်။ |
3. | ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော် မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေး မသိဘူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရား သခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။ |
4. | လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး သင် ဝတ်သောအဝတ် မဟောင်းမနွမ်း၊ သင့်ခြေလည်း မပွန်းမရောင်။ |
5. | အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ ဘုရား သခင် ထာဝရဘုရားသည် သင့်အား ဆုံးမတော်မူသည် ကို စိတ်ထဲမှာ အောက်မေ့ရမည်။ |
6. | သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်းသို့ လိုက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။ |
7. | အကြောင်းမူကား၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲက ပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံ သောပြည်၊ |
8. | ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊ |
9. | ဘာမျှမလိုဘဲဝစွာ စားရသောပြည်၊ သံကျောက် နှင့် ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကို ဆောင်သွားတော်မူ၏။ |
10. | ထိုကောင်းမွန်သော ပြည်ကို ပေးသနားတော်မူ သည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။ |
11. | ယနေ့ ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ ဘုရား သခင် ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိ နှင့်ရှောင်လော့။ |
12. | သင်သည် ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊ |
13. | သင်၏ သိုးနွား၊ ရွှေငွေအစရှိသော ဥစ္စာမျိုး များပြားစဉ်အခါ၊ |
14. | သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့တော်မူထသော၊ |
15. | မီးမြွေ၊ ကင်းမြီးကောက်များ၍၊ ရေမရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက်ဘွယ်သော တောကြီးအလယ်၌ သင့်ကို ပို့ဆောင်၍ မီးပါကျောက်ထဲက ရေကို ထွက်စေ တော်မူထသော၊ |
16. | သင့်ကို နှိမ့်ချစုံစမ်း၍၊ နောက်ဆုံး၌ ကျေးဇူးပြု လိုသောငှာ၊ သင်၏ ဘိုးဘေးမသိဘူးသောမန္နနှင့် တော၌ ကျွေးမွေးတော်မူသော သင်၏ဘုရားသခင် ထာဝရ ဘုရားကို မေ့လျော့၍၊ |
17. | ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကို ငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။ |
18. | သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။ |
19. | သင်၏ ဘုရားသခင် ထာဝရဘုရားကို သင် သည် မေ့လျော့သဖြင့်၊ အခြားတပါးသော ဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့်တဘက်၌ သက်သေခံ၏။ |
20. | သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားမထောင်သောကြောင့်၊ ထာဝရဘုရားသည် သင့်ရှေ့မှာ ဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ |
← Deuteronomy (8/34) → |