← Deuteronomy (32/34) → |
1. | အို ကောင်းကင်၊ နားထောင်လော့၊ ငါပြောမည်။ အိုမြေကြီး၊ ငါမြွက်ဆိုသောစကားကို ကြားလော့။ |
2. | ငါ့ဒေသနာသည် မိုဃ်းရေကဲ့သို့ စက်စက်ကျ၍၊ ငါ့စကားသည် နှင်းကဲ့သို့ ဖြည်းညှင်းစွာ သက်ရောက်လိမ့် မည်။ နုသောပျိုးပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြက်ပင်ပေါ်မှာ များပြားသော မိုဃ်းရေကဲ့သို့၎င်း ဖြစ်လိမ့် မည်။ |
3. | ငါသည် ထာဝရဘုရား၏ နာမတော်ကို ဘော်ပြ သည်ဖြစ်၍၊ ငါတို့ဘုရားသခင်၏ ဘုန်းအာနုဘော်တော် ကို ချီးမွမ်းကြလော့။ |
4. | ဘုရားသခင်သည် မူလအမြစ်ဖြစ်၍၊ အမှုတော် သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ၏။ |
5. | သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏ သား မဟုတ်၊ အညစ်အကြေး ကပ်ကြ၏။ သဘောကောက်၍ ဖောက်ပြန်သောအမျိုး ဖြစ်ကြ၏။ |
6. | အို ပညာမဲ့သော လူမိုက်တို့၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ဤသို့ဆပ်မည်လော။ ထာဝရဘုရား သည် သင့်ကို ဖြစ်စေသောအဘ၊ သင့်ကို ဖန်ဆင်း၍ နေရာချသောသူ ဖြစ်တော်မူသည် မဟုတ်လော။ |
7. | ရှေးကာလကို အောက်မေ့လော့။ လွန်လေပြီး သော နှစ်ပေါင်းများကို ဆင်ခြင်လော့။ သင့်အဘကို မေးမြန်းလျှင် သူသည် ဘော်ပြလိမ့်မည်။ အသက်ကြီးသူ တို့ကို မေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။ |
8. | အမြင့်ဆုံးသော ဘုရားသည် အာဒံ၏အမျိုးအ နွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကို ဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေ အတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။ |
9. | ထာဝရဘုရား၏ အဘို့ကား၊ လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း။ |
10. | လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ် လပ်သောတောလွင်ပြင်၌ ယာကုပ်ကို တွေ့တော်မူသော အခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကို ပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။ |
11. | ရွှေလင်းတသည် အသိုက်ကို မွှေလျက်၊ သား ငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကို ဖြန့် လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင် သကဲ့သို့၊ |
12. | ထာဝရဘုရားတပါးတည်းသာလျှင်၊ ယာကုပ်ကို ဆောင်သွားတော်မူ၏။ အခြားတပါးသောဘုရား မည်မျှ မရှိ။ |
13. | မြေကြီးပေါ်မှာမြင့်မြတ်သော အရပ်တို့၌ နေရာ ချတော်မူသဖြင့်၊ သူသည် မြေအသီးအနှံကိုစား၍ ကျောက်ထဲကပျားရည်ကို၎င်း၊ မီးပါကျောက်ထဲကဆီကို ၎င်း၊ |
14. | သိုးသငယ်ဆီဥ၊ ဗာရှန်အမျိုး၏သိုးထီး၊ ဆိတ်ထီး ဆီဥ၊ ဂျုံစပါး၊ ကျောက်ကပ်ဆီဥနှင့်တကွ နွားနို့ဓမ်းနှင့် သိုးနို့ကို၎င်း စို့မည်အကြောင်း စီရင်တော်မူ၍၊ သင်သည် စပျစ်သီးအသွေးစစ်ကို သောက်ရ၏။ |
15. | သို့ရာတွင်၊ ယေရှုရုန်သည် ဆူဝ၍ ခြေနှင့်ကန် လေ၏။ ဆူဝလျက်၊ တုတ်လျက်၊ ဆီဥနှင့်ပြည့်စုံလျက် နေသဖြင့်၊ ဖန်ဆင်းတော်မူသော ဘုရားသခင်ကို စွန့်၍၊ ကယ်တင်ရာကျောက်ကို မထီမဲ့မြင် ပြုလေ၏။ |
16. | သူတို့သည် အခြားတပါးသောဘုရားအားဖြင့် ငြူစူစေကြ၏။ ရွံရှာဘွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။ |
17. | ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဘူးသော ဘုရား၊ ဘိုးဘေးတို့ မကြောက်ဘူးသော ဘုရားသစ်တို့ အား ယဇ်ပူဇော်ကြ၏။ |
18. | သင်ဖြစ်ရာမူလအမြစ်ကို သင်မမှတ်မိ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ။ |
19. | ထိုအမှုကို ထာဝရဘုရားမြင်သောအခါ၊ အမျက် တော်ထွက်၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက်၊ |
20. | ငါသည် ကိုယ်မျက်နှာကို သူတို့မှလွှဲမည်။ သူတို့ သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည်။ သဘောခိုင်မာ သောအမျိုး၊ သစ္စာမရှိသော သားသမီး ဖြစ်ကြ၏။ |
21. | ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူ သောစိတ်ရှိစေခြင်းငှါ ပြုကြပြီ။ အချည်းနှီးသောအရာ အားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရာ သော လူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ်ရှိစေခြင်း ငှါ၎င်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎င်း ငါပြုမည်။ |
22. | ငါသည် အမျက်ထွက်၍ မီးရှို့သဖြင့်၊ အနက်ဆုံး သောမရဏာနိုင်ငံသို့ လောင်လိမ့်မည်။ မြေနှင့်မြေအသီး အနှံကို ကျွမ်းစေ၍ တောင်ခြေရင်းတိုင်အောင် လောင် လိမ့်မည်။ |
23. | သူတို့အပေါ်မှာ ဘေးဥပဒ်များကို ငါပို့မည်။ ငါ့မြှားတို့ကို အကုန်အစင်ပစ်မည်။ |
24. | သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသောဖျက်ဆီးခြင်းဘေး အား ဖြင့် ဆုံးရှုံးကြလိမ့်မည်။ သားရဲတို့၏ သွားကို၎င်း၊ မြေ၌ ကျင်လည်သော မြွေအဆိပ်ကို၎င်း၊ သူတို့၌ ငါစေလွှတ် မည်။ |
25. | အိမ်ပြင်၌ ထားဘေး၊ အိမ်အတွင်း၌ ကြောက် မက်ဘွယ်သောဘေးသည် လူပျိုနှင့်အပျိုကို၎င်း၊ နို့စို့သူ ငယ်နှင့် ဦးဆံဖြူသောသူကို၎င်း ဖျက်ဆီးလိမ့်မည်။ |
26. | ရန်သူ၏ မာန်မာနကို ငါမကြောက်လျှင်၎င်း၊ |
27. | ရန်ဘက်ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသောငါတို့ လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်၎င်း၊ သူတို့ ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ ကွဲပြားစေ၍၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှါ ပယ်ရှင်းမည်ဟု ငါအကြံရှိ၏။ |
28. | အကြောင်းမူကား၊ သူတို့သည် ပညာသတိမရှိ၊ ဉာဏ်ကင်းသော လူမျိုးဖြစ်ကြ၏။ |
29. | ပညာကိုရ၍ ဤအမှုကို နားလည်ကြပါစေ သော။ နောက်ဆုံးကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသောဟု မိန့်တော်မူ၏။ |
30. | သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင်၊ လူတ ယောက်သည် လူတထောင်ကို အဘယ်သို့ နှင်နိုင်မည် နည်း။ လူနှစ်ယောက်သည် လူတသောင်းကို အဘယ်သို့ ပြေးစေနိုင်မည်နည်း။ |
31. | ငါတို့၏ရန်သူများ စီရင်ဆုံးဖြတ်သော်လည်း၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့်မတူ။ |
32. | သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင် မျိုး၊ ဂေါမောရမြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့ စပျစ်သီးသည် ခါးသောအပင်၏ အသီးဖြစ်၍၊ စပျစ်သီး ပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။ |
33. | သူတို့ စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန် သော မြွေဆိုးအဆိပ် အတောက်ဖြစ်၏။ |
34. | ဤအမှုသည် ငါ့ထံမှာ သိုထားလျက်၊ ငါ့ဘဏ္ဍာ တိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။ |
35. | အပြစ်တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။ |
36. | ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင် တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန် ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင် တရတော်မူလျက်၊ |
37. | သူတို့ဘုရား၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း။ |
38. | သူတို့ပူဇော်သော ဆီဥကို စား၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည် ထ၍ သင်တို့ကို ကွယ် ကာ စောင့်မပါလေစေ။ |
39. | ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။ |
40. | ငါသည် အစဉ်အမြဲအသက်ရှင်ပေ၏ဟု ငါ့လက် ကို ကောင်းကင်သို့ချီ၍ ကျိန်ဆို၏။ |
41. | ငါသည် ပြောင်လက်သောထားကို သွေး၍၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အ လျောက် ငါဆပ်ပေးမည်။ |
42. | ငါ့မြှားတို့ကို အသွေးနှင့်ယစ်မူးစေမည်။ ငါ့ထား သည် အသားကို စားလိမ့်မည်။ သတ်သောသူ၊ လက်ရ သောသူတို့၏ အသွေး၊ ရန်သူအကဲအမှူးတို့၏ ဦးခေါင်းကို စားသောက်လိမ့်မည်။ |
43. | တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အ ကြောင်းမူကား၊ ကိုယ်တော်၏ ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး၍ ကိုယ်တော်၏ ရန်သူ တို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော၊ |
44. | ဤသီချင်းစကားကို မောရှေသည် လာ၍ နုန် သားယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို၏။ |
45. | ထိုသို့ မောရှေသည် ဤစကားအလုံးစုံတို့ကို ဣသရေလအမျိုးသား အပေါင်းတို့အား အကုန်အစင် ဟောပြောမြွက်ဆိုပြီးလျှင်၊ |
46. | သင်တို့အား ယနေ့ ငါသက်သေခံသမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့သားသမီးတို့ သည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှါ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြ မည်။ |
47. | ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့ အသက်နှင့်ဆိုင်သော အမှုဖြစ်၏။ ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ ဤအမှုကို စောင့်ရှောက်လျှင်၊ ကိုယ်အသက် တာရှည်ကြလိမ့်မည်ဟု ပြောဆို၏။ |
48. | ထိုနေ့ခြင်းတွင် ထာဝရဘုရားက၊ ယေရိခေါမြို့ တဘက်၊ မောဘပြည် အာဗရိမ်တောင်ရိုး၊ နေဗောတောင် ထိပ်ပေါ်သို့တက်၍၊ |
49. | ဣသရေလ အမျိုးသားတို့အား ငါအပိုင်ပေး သော ခါနာန်ပြည်ကို ကြည့်ရှုလော့။ |
50. | သင့်အစ်ကို အာရုန်သည် ဟောရတောင်ပေါ် မှာ သေ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာ သေ၍၊ သင်၏လူမျိုးစည်းဝေးရာသို့ ရောက်လော့။ |
51. | အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာ ဒေရှရွာ၊ မေရိဘစမ်းရေအနား၌ ဣသရေလအမျိုးသား တို့ရှေ့မှာ ငါ့ကို မရိုမသေပြု၍ ပြစ်မှားကြပြီ။ |
52. | ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ငါပေး သော ပြည်ကို သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော် လည်း၊ ထိုပြည်သို့ မဝင်စားရဟု မောရှေအား မိန့်တော်မူ၏။ |
← Deuteronomy (32/34) → |