← Deuteronomy (27/34) → |
1. | တဖန် မောရှေသည်၊ ဣသရေလအမျိုး၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကို မှာထားသည်ကား၊ ယနေ့ ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြ လော့။ |
2. | သင်သည် ယော်ဒန်မြစ်ကို ကူး၍၊ သင်၏ဘုရား သခင် ထာဝရဘုရားပေးတော်မူသော ပြည်သို့ ရောက် သောအခါ၊ ကြီးသောကျောက်တို့ကို ထူထောင်၍ အင်္ဂတေနှင့် မွမ်းမံရမည်။ |
3. | ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း သင့်အား ပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရား စကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။ |
4. | ယော်ဒန်မြစ်ကို ကူးပြီးမှ၊ ယနေ့ငါမှာထားသော ကျောက်တို့ကို ဧဗလတောင်ပေါ်မှာ ထူထောင်၍ အင်္ဂ တေနှင့် မွမ်းမံရမည်။ |
5. | ထိုအရပ်၌လည်း သင်၏ဘုရားသခင် ထာဝရ ဘုရားအဘို့၊ |
6. | ယဇ်ပလ္လင်ကို ကျောက်နှင့်တည်ရမည်။ သံ တန်ဆာကို မသုံးဆောင်ဘဲ၊ မကွဲမပြတ်သော ကျောက် တို့နှင့် တည်ရမည်။ သင်၏ဘုရားသခင် ထာဝရဘုရား အား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည်။ |
7. | မိဿဟာယယဇ်တို့ကိုလည်း ပူဇော်၍၊ ထိုအရပ် တွင် စားသောက်လျက် ရှေ့တော်၌ ပျော်မွေ့ခြင်းကို ပြုရမည်။ |
8. | ထိုကျောက်ပေါ်မှာ ဤတရား စကားတော် အလုံးစုံတို့ကို သေချာစွာ ရေးထားရမည်ဟု ပြောဆိုကြ၏။ |
9. | တဖန် မောရှေနှင့် ယဇ်ပုရောဟိတ်များ၊ လေဝိ သားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့် နားထောင် လော့။ ယနေ့သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ လူမျိုးဖြစ်လေပြီ။ |
10. | သို့ဖြစ်၍၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ရမည်။ ယနေ့ငါတို့ ဆင့်ဆို သော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။ |
11. | တဖန် မောရှေသည် ထိုနေ့၌ လူများတို့ကို မှာထားသည်မှာ၊ |
12. | သင်တို့သည် ယော်ဒန်မြစ်ကို ကူးသောနောက်၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ် တောင်ပေါ်မှာ ရပ်ရသော သူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။ |
13. | ကျိန်ခြင်းအလိုငှာ၊ ဧဗလတောင်ပေါ်မှာ ရပ်ရ သော သူဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။ |
14. | ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရ သော စကားဟူမူကား၊ |
15. | ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သော ရုပ်တု၊ သွန်းသော ဆင်းတုကို လုပ်၍ မထင်ရှားသော အရပ်၌ ထားသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည်။ |
16. | မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
17. | အိမ်နီးချင်း၏ မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
18. | မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည်။ |
19. | တရားတွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေးသော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
20. | အဘနှင့်သာဆိုင်သော အဘ၏ မယားနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
21. | တိရစ္ဆာန်တစုံတမျိုးနှင့် ပေါင်းဘော်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
22. | အဘ၏ သမီး၊ အမိ၏ သမီးတည်းဟူသော မိမိအစ်မ နှမနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
23. | မယား၏ အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
24. | အိမ်နီးချင်းကို မထင်မရှား ရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
25. | အပြစ်မရှိသော သူ၏ အသက်ကို သတ်ခြင်းငှာ အခကို ယူသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
26. | ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအ ပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
← Deuteronomy (27/34) → |